‎ဧရာဝတီတိုင်းမ်
‎ဇွန် ၇ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာတို့တွင် တိုက်ပွဲများ ပြင်းထန်လာသည့် အတွက် ရွေးတုအစိုးရစစ်တပ်က စစ်အခြေစိုက်စခန်းများ တိုးချဲ့ချလာကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ ရွှေရင်မျှော်ကုန်းတွင် ပြီးခဲ့သည့် မေ ၂၆ ရက်မှစတင်၍ အင်အားများ စုဖွဲ့ထားရှိပြီးအရေးပေါ် လက်နက်ခဲယမ်း သယ်ယူရွှေ့ပြောင်းရန် ဆိုင်ကယ်နှင့် နွားလှည်းများအပြင် ဒေသခံအမျိုးသားများကိုပါ ဖမ်းဆီးစုဆောင်းထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးက ရခိုင်တောင်ပိုင်းအစပ်ထိ စစ်မျက်နှာအသစ် ပြောင်းလိုက်တာ တကယ်ကတော့ သင်္ချိုင်းနေရာ ပြောင်းလိုက်ခြင်းမျှသာဖြစ်ပြီး စက်ဒေါင့်ကြီးကတော့ သေမင်းတမန် ကူးတို့ဆိပ်လို့ တင်စားလို့ရပြီ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

‎တိုက်ပွဲများ ရေကြည်အမြောက်တပ် ၃၄၄ အနီး ဖြစ်ပွားလာချိန်တွင်လည်း ကွင်းကောက် တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) အတွင်း အင်အား ၁,၀၀၀ ခန့် ဖြည့်တင်းကာ စစ်အခြေစိုက်စခန်း ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် နှစ်လခန့်မှစတင်ကာ ငပုတောမြို့နယ်ရှိ ထိပ်စွန်း၊ သက္ကယ်သောင်၊ ပြင်စလူ၊ စလူဆိပ်၊ အုန်းကျွန်း၊ ဖောင်ဒိုး စသည့် စစ်အခြေစိုက်စခန်းများကို သန်လျင် ခလရ ၁၄၆ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးအေးမောင်ချိုက ဦးစီးလာခြင်း ဖြစ်သည်။

ဗိုလ်မှူးအေးမောင်ချိုသည် အင်းတိုင် ခလရ ၂၁၃၊ ဝါယားချောင်း ခလရ ၁၁၊ သန်လျင် ခလရ ၁၄၆ မှ ထုတ်နှုတ်အင်အားများဖြင့် ဧရာဝတီ တိုက်ပွဲအတွင်း စစ်ကူဖြည့်တင်းရန် ပြင်ဆင်ထား‌ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စက်ဒေါင့်ကြီးမှတစ်ဆင့် လက်နက်၊ ခဲယမ်းနှင့် စစ်ကူများ ပါဝင်သည့် စစ်ကား ၁၅ စီးပါ ယာဉ်တန်းများသည် ဘုရားကြီး၊ မရမ်းချို၊ သရက်ကုန်း၊ ရွှေရင်မျှော်၊ ကြောင်လျှာ စသည့် ဒေသများသို့ တပ်ဖြန့်ဝင်ရောက်သွားခဲ့ပြီး ပြန်ဆင်းလာသည့် ကားများဖြင့် စက်ဒေါင့်ကြီးတွင် ပို့ထားသည့် ဒဏ်ရာရစစ်သားများကို ပြန်လည်သယ်ယူသွားခဲ့သည်။

ဓာတ်ပုံ-စစ်အုပ်စု(ပုံဟောင်း)