‎ဧရာဝတီတိုင်းမ်
‎ဇွန် ၇ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် လေယာဉ်ကွင်းတွင် စုပြုံရောက်ရှိနေသည့် ဂျိုင်ရိုကော်ပတာများကို ရွေးတုအစိုးရက ကျောက်ဖြူမြို့ပတ်လည်တွင် အင်အားပြပျံသန်းခြင်း၊ လေ့ကျင့်ခြင်းနှင့် ကင်းထောက်ပျံသန်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ အင်းအားပြလေ့ကျင့် ပျံသန်းနေစဉ် ပြီးခဲ့သည့် ‌ဇွန် ၄ ရက် နေ့လယ်ပိုင်းတွင် ဂျိုင်ရိုကော်ပတာတစ်စီးပေါ်မှ ဗုံးသီးတစ်လုံးသည် စေတီယျရပ်ကွက်ရှိ ဂေါက်ကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”စစ်တပ်ဘက်ကတော့ စက်ချို့ယွင်းပြီး ဗုံးသီးကျတာလို့ သတင်းလွှင့်တယ်။ တမင်သက်သက် ခြိမ်းခြောက်တဲ့အနေနဲ့ ဗုံးချတာလို့ပဲ ဒေသခံတွေက ယုံကြည်ထားကြတယ်။ ယုံရတဲ့ကောင်တွေ မဟုတ်ဘူး။ ချို့ယွင်းတာဆိုရင်လည်း တော်တော်အသုံးမကျတဲ့ကောင်တွေ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

‎ရွေးတုအစိုးရစစ်တပ်သည် ကျောက်ဖြူစစ်မျက်နှာအတွက် လေယာဉ်ကွင်းတွင် ဂျိုင်ရိုကော်ပတာများကို စုဖွဲ့ထားရှိပြီး ပြီးခဲ့သည့် မေ ၂၅ ရက်နေ့မှစတင်ကာ ၎င်းလေယာဉ်ကွင်းကို လေတပ်စခန်းအသွင် ပြင်ဆင်၍ လေ့ကျင့်ပျံသန်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်နေခြင်းဖြစ်သည်။

ကျောက်ဖြူတိုက်ပွဲများ ပြင်းထန်လေ့ရှိသည့် ဓညဝတီရေတပ်ဌာနချုပ်၊ သစ်ပုတ်တောင်လမ်းဆုံမှတစ်ဆင့် သိုင်းချောင်း၊ မင်းပြင်၊ ဇိုင်းချောင်း စသည့်နေရာများသို့ စစ်တပ်က စစ်ကြောင်းထိုးခဲ့သော်လည်း လက်ရှိတွင် တောင်မော်ဦးရေတပ်သို့ အင်အားဖြည့်တင်းကာ စနဲမြို့ဘက်သို့ ဦးတည်ရွေ့လျားလာနေသည်။

သို့သော် မြေပြင်ထိုးစစ်တွင် အရှုံးနှင့် ဆက်တိုက်ရင်ဆိုင်နေရပြီး ခုခံကာကွယ်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေသဖြင့် လေကြောင်း၊ ဒရုန်းနှင့် စစ်သင်္ဘောများ၏ ပစ်ကူကို အားကိုးကာ ၎င်းတို့၏ တပ်စခန်းများ မကျရေးအတွက် အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- ပုံစံတူဂျိုင်ရိုကော်ပတာတစ်စင်းကိုတွေ့ရစဉ်။