ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

 

ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးစခန်းကို တော်လှန်ရေး ပူးပေါင်း အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တင့်ကားတပ်ရင်း တကရ-၆၀၁၇ မှ ဗိုလ်မှူးကျော်လင်းအောင် အပါအဝင် ရွေးတုအစိုးရစစ်တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်တပ်အင်အား ၆၀ ခန့် အထိုင်ချထားသည့် ဆွာမကြီး (ဆွာရွာမ) ကျေးရွာစခန်းနှင့် နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရွာသစ်ကျေးရွာစခန်းတို့ကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၈)၊ ဗျူဟာအမှတ် (၁၉) လက်အောက်ရှိ PDF တပ်ရင်းများနှင့် နေပြည်တော်ပကဖတို့က ပူးပေါင်းကာ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ကျော် သေဆုံးပြီး ကျန်ရှိသူများလည်း ထိခိုက် ဒဏ်ရာအများအပြားဖြင့် ဆုတ်ခွာထွက်ပြေးသွားသဖြင့် ဆွာမကြီးစခန်းကို အပြီးသတ်သိမ်းပိုက်နိုင် ခဲ့ကြောင်း နေပြည်တော် PDF က ထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှ G-3 ၁၁ လက်၊ MA-3 တစ် လက်၊ MA-11 တစ် လက်၊ ပစ္စတို တစ် လက်၊ ခဲယမ်းမျိုးစုံ ၁,၀၀၀ ကျော်၊ အီနာဂါ ၅ ခု၊ နင်းမိုင်း နှစ် လုံး၊ ၁၄ မိုင်း သုံး လုံး၊ ၆၀ မမ ပို့ယမ်း ၁၅ တောင့်၊ G3 ကျည်ဘောက် ခုနစ် ခု၊ MA ဘောက် နှစ် ခုနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အပြင် ဇွန် ၄ ရက်နေ့ ည ၈ နာရီခန့်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်း ကွင်းကြီးကျေးရွာအနီး၌ စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာသည့် ယာဉ်တန်းကို နေပြည်တော်တိုင်း စစ်ဌာန၊ဗျူဟာအမှတ် (၁၇) လက်အောက်ခံ တပ်ရင်း ၉၀၂၊ ၉၀၃ တို့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲများအတွင်း အထိနာသွားသည့် ရွေးတုအစိုးရစစ်တပ်သည် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်း၊ ဒရုန်းဗုံးများကြဲချခြင်းများ ပြုလုပ်နေသောကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး မှုများရှိနေပြီး ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

 

အချို့ကျေးရွာများတွင် စစ်တပ်က ပြည်သူများကို စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ၌ ပိတ်လှောင် ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများထံမှ သိရသည်။

 

လက်ရှိတွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေဆဲဖြစ်ပြီး နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ၁၈၊ ၁၉ တပ်ရင်းများ၊ နေပြည်တော်ပကဖ၊ ရေတာရှည်ပကဖ၊ ၃၅၀၄ တပ်ရင်း ပူးပေါင်းမဟာမိတ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 

ဓာတ်ပုံ- နေပြည်တော် PDF