ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

 

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယားနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့အချိန်မှာ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ သြဇာညောင်းတဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က နျူကလီးယားလက်နက် အစီအစဉ်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ကြောင်းနဲ့ နျူကလီးယား ကာကွယ်ရေးစွမ်းအားကို ပိုမိုမြှင့် တင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ မေလအတွင်း ထိပ်သီး အစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးဆိုတဲ့ ဘုံရည်မှန်းချက်ကို အတည်ပြုခဲ့ကြတယ်ဆိုတဲ့ သတင်း ထွက်ပေါ် ချက်တွေကိုလည်း ကင်ယိုဂျောင်က ပယ်ချခဲ့ပါတယ်။

 

ကင်ယိုဂျောင်က အဲဒီသတင်းတွေဟာ မမှန်ကန်ဘူးလို့ တုံ့ပြန်ခဲ့ပြီး မြောက်ကိုရီးယားဟာ အဲဒီ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ အမှန်ကန်ဆုံး သတင်းအချက်အလက်ကို ရရှိထားတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ နိုင်ငံတော်အကြီးအကဲ ကြေညာထားတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နျူကလီး ယားစစ်ပွဲ တားဆီးရေးစွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်သွားမယ့် မူဝါဒဟာ နောက်ကြောင်းပြန် လှည့်လို့မရတဲ့ အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်ပြီး ဒါကို ခြွင်းချက်မရှိ အကောင်အထည်ဖော်ရမှာ ဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

ဒီလိုပြောဆိုချက်တွေဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် လာမယ့်တနင်္လာနေ့မှာ မြောက်ကိုရီးယားကို လာရောက်ပြီး ကင်ဂျုံအန်နဲ့ ထိပ်သီးတွေ့ဆုံပွဲ မလုပ်ရသေးခင် ထွက်ပေါ်လာတာပါ။

 

ဒါဟာ တရုတ်သမ္မတအနေနဲ့ ၇ နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် ပြုံယမ်းမြို့ကို သွားရောက်တာ ဖြစ်ပြီး တရုတ်ရဲ့ တစ်ခုတည်းသော တရားဝင်မဟာမိတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်တဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 

ဒီတစ်ပတ်အစောပိုင်းကပဲ မြောက်ကိုရီးယားဟာ နျူကလီးယားပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံအသစ် တစ်ခုကို ဖွင့်လှစ်ပြသခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအန်က နျူကလီးယားလက်နက်အင်အားကို အဆမတန် တိုးမြှင့်ထုတ်လုပ်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

 

လေ့လာဆန်းစစ်သူတွေရဲ့ သုံးသပ်ချက်အရ မြောက်ကိုရီးယားရဲ့ ယူရေနီယံသန့်စင်တဲ့ စက်ရုံသစ် ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မတွေ့ဆုံခင်မှာ ကင်ဂျုံအန်အတွက် အသာစီးရစေမယ့် အခြေအနေတစ် ခု ဖြစ်လာနိုင်သလို နျူကလီးယားစွမ်းရည်ကို ပိုမိုမြန်မြန်ဆန်ဆန် တိုးချဲ့ဖို့အတွက်လည်း အကြောင်းပြ ချက်ကောင်းတစ်ခု ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။

 

ကင်ဂျုံအန်ဟာ မကြာသေးခင်ကပဲ အဓိက လက်နက်ခဲယမ်းစက်ရုံကြီးတစ်ခုဆီ သွားရောက်ခဲ့ပြီး လာမယ့် ၅ နှစ်အတွင်းမှာ ဒုံးကျည်ထုတ်လုပ်မှုကို လက်ရှိထက် နှစ်ဆခွဲအထိ တိုးမြှင့်ထုတ်လုပ်ဖို့ အမိန့်ပေး ခဲ့တယ်လို့ သိရပါတယ်။

 

ကိုးကား – India Today
Ref; North Korea reaffirms nuclear-armed status ahead of Xi Jinping’s visit