ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က အိန္ဒိယနိုင်ငံအနေနဲ့ ရွေးတုသမ္မတ မင်း အောင်လှိုင်ကို ခမ်းခမ်းနားနား ကြိုဆိုခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောကြားလိုက်ပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ လူ့အခွင့်အရေးဘက်ကနေ ရပ်တည်ပေးဖို့လည်း တောင်းဆိုလိုက် ပါတယ်။
အသက် ၄၉ နှစ်အရွယ် ကင်မ်အဲရစ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက မြန်မာစစ်တပ် ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မိခင်ဖြစ်သူ အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါတယ်။
“အခုလို ဖြစ်လာတဲ့အပေါ် တော်တော်လေး စိတ်ပျက်မိတယ်လို့ပဲ ကျွန်တော် ပြောရမှာပါ။ အိန္ဒိယ အနေနဲ့ မြန်မာစစ်အုပ်စုကို ဘယ်လိုနည်းနဲ့မှ တရားဝင်အစိုးရဖြစ်အောင် အသိအမှတ် မပြုသင့်ပါဘူး” လို့ ၎င်းက ဆိုပါတယ်။
“ဒေသတွင်းမှာ တကယ်ပဲ တည်ငြိမ်အေးချမ်းချင်တယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဒုက္ခဝေဒနာ တွေအပေါ်မှာ ဒါမှမဟုတ် ဥပဒေမဲ့နေတဲ့ မြန်မာစစ်အုပ်စုကို အဖက်လုပ်တာမျိုးနဲ့ တည်ဆောက်လို့မရနိုင် ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ပိတ်ဆို့အရေးယူမှု အများဆုံးခံထားရတဲ့ အာဏာရှင်တစ်ဦးဖြစ်တဲ့ မင်း အောင်လှိုင်ကို သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဖိတ်ခေါ်ဧည့်ခံခဲ့တာ၊ တရားဝင်အစိုးရအဖြစ် အသိအ မှတ်ပြုပုံပေါ်စေခဲ့တာတွေကြောင့် နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အပြင်းအထန် စိုးရိမ်ပူပန်မှုတွေကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာဆီ စာရေးသားပြီး အကြောင်း ကြားခဲ့တယ်လို့ သိရပါတယ်။
ကင်မ်အဲရစ်က အခုအိန္ဒိယခရီးစဉ်အတွင်း ဆွေးနွေးမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအ နေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သူသိထားကြောင်းနဲ့ အဲ့ဒီကနေ ကောင်းမွန်တဲ့ ရလဒ်အချို့ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – Independent
Ref; Suu Kyi’s son ‘very disappointed’ by India hosting Myanmar’s president