ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ ဇွန် ၄ ရက်

 

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးထောင်မှ အမျိုးသမီးဆောင်တာဝန်ခံ ဦးစီးအရာရှိ ဇင်မာကြည်အောင်သည် နိုင်ငံရေးအကျဉ်းသူအမျိုးသမီးများကိုသာမက ၎င်းတို့ Non-CDM အကျဉ်းဦးစီးဝန်ထမ်းအချင်းချင်းအပေါ်တွင်ပင် အာဏာပြအနိုင်ကျင့်လျက်ရှိကြောင်း သိရသည်။

 

ဒေါ်ဇင်မာကြည်အောင်သည် ရာထူးနိမ့်သည့် အမျိုးသမီးဝန်ထမ်းများကို အပြစ်ရှိသည်ဟုဆိုကာ ဒူးထောက်ခိုင်းခြင်း၊ မျက်နှာကိုရေနှင့်ပက်ခြင်း၊ဆံပင်ဆောင့်ဆွဲခြင်း၊ ပါးရိုက်ခြင်း ၊ထီးနဲ့ရိုက်နှက်ခြင်း စသည့်ကိုယ်ထိလက်ရောက်ကျူးလွန်မှုများပြုလုပ်ချက်ရှိကြောင်း သိရသည်။

 

“ရိုက်နှက်အနိုင်ကျင့်မှုပြုလုပ်ရင် cctv မမြင်ကွယ်ရာခေါ်လုပ် လေ့ရှိပါတယ်။ ဝန်ထမ်းအမျိုးသမီးတွေကို အကျဥ်းသူတွေထားတဲ့ အခန်းတွေထဲမှာ တိုက်ပိတ်တာတွေလည်း လုပ်ပါတယ်။ အဲ့တာတွေကို ထောင်ပိုင်ကြီးဒုတိယညွန်ကြားရေးမှူ ဦးသီဟထွဋ် ကိုယ်တိုင်ကတားဆီးတာမရှိဘဲ မသိချင်‌ယောင်ဆောင်နေပါတယ်” ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဒေါ်ဇင်မာကြည်အောင်၏ နှိပ်စက်မှုကို ခံရသူများက အကျဉ်းထောင်တာဝန်ရှိသူများကို တိုင်ကြားကြသော်လည်း ထောင်တာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးသီဟထွဋ် ကအရေးယူခြင်းမရှိပဲ ဖုံးဖိထားပေးသည်ဟုဆိုသည်။

 

ဒေါ်ဇင်မာကြည်အောင်သည် ၎င်းတို့Non-CDMဝန်ထမ်းအချင်းချင်းသာမက နိုင်ငံရေးအကျဉ်းသူများအပေါ်တွင်ပါ အာဏာပြနှိပ်စက်လေ့ရှိပြီး အကြောင်းအမျိုးမျိုးပြရိုက်နှက်ကာ တိုက်ပိတ်ပြစ်ဒဏ်ကိုလနှင့်ချီပေးလေ့ရှိကြောင်းလည်း နိုင်ငံအကျဉ်းသားများကို အကူညီပေးနေသည့်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးအပေါ်စွပ်စွဲကာ ဆံပင်ဆောင့်ဆွဲရိုက်နှက်နှိပ်စက်ခဲ့ပြီး တိုက်ပိတ်သည့်အပေါ် ပြစ်ဒဏ်မပေးရန်ဝိုင်းဝန်းတောင်းဆိုသည့် အကျဉ်းသူ ခုနှစ်ဦးကိုပါထပ်မံတိုက်ပိတ်ခဲ့သည့်အတွက် ကိုင်ဆောင်သူဒေါ်ဇင်မာကြည်အောင်ကို ပြစ်ဒဏ်များပေးနိုင်ရေးကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ခဲ့သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်