ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် မပိုင်ဆိုင်ဖို့ သ ဘောတူထားပြီးပြီဖြစ်ကြောင်းနဲ့ အခြေအနေတွေသာ အဆင်ပြေသွားမယ်ဆိုရင် အီရန်ခေါင်းဆောင်ကြီး မိုဂျတာဘာခါမေနီနဲ့ တစ်ချိန်ချိန်မှာ တွေ့ဆုံဖို့ ရှိနိုင်တယ်လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့တဲ့ “Pod Force One” အင်တာဗျူးမှာ အီရန်အရေးနဲ့ ပတ်သက်ပြီး ဒေါ် နယ်ထရမ့်က “အီရန်က နျူကလီးယားလက်နက် မယူတော့ဘူးဆိုတာကို သဘောတူထားပြီးသားပါ” လို့ ထည့်သွင်းပြောကြားခဲ့တာပါ။

နှစ်နိုင်ငံကြား ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ဖို့ ဆွေးနွေးတဲ့နေရာမှာ ခါမေနီ ကိုယ်တိုင် ပါဝင် ပတ်သက်မှု ရှိ၊ မရှိ မေးမြန်းရာမှာတော့ ဒေါ်နယ်ထရမ့်က “သူ သေချာပေါက် ပါဝင်ပတ်သက်နေပါတယ်။ အီရန်လူထုကလည်း သူ့အပေါ် အများကြီး လေးစားမှုရှိကြတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဖြေကြား ခဲ့ပါတယ်။

“အီရန်ခေါင်းဆောင်ကြီးရဲ့ ကျန်းမာရေး သိပ်မကောင်းဘူးလို့ ကြားရပေမဲ့ အခုလုပ်နေတဲ့ ဆွေး နွေးပွဲတွေအပေါ်မှာတော့ သူကိုယ်တိုင် သဘောတူခွင့်ပြုချက် ပေးထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခါမေနီနဲ့ လူချင်းတွေ့ခွင့် မရသေးဘူး” လို့ ဒေါ်နယ်ထရမ့် ဆိုပါတယ်။

“ကျွန်တော် သူနဲ့ တွေ့ချင်ပါတယ်။ အားလုံး အဆင်ပြေပြေ ဖြစ်သွားမယ်ဆိုရင်တော့ တစ်ချိန်ချိန် မှာ ကျွန်တော်တို့ တွေ့ဖြစ်ကြမှာပါ” လို့ ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။

ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲဟာ အောင်မြင်မှုတစ်ခုပဲလို့ ရှုမြင်ထားပြီး အကြောင်းရင်းကတော့ အီရန်စစ်တပ်ကို အနိုင်ပိုင်းနိုင်ခဲ့လို့ဖြစ်ကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် စတင်ခဲ့တဲ့ ဒီစစ်ပွဲဟာ ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို ရိုက်ခတ်ခဲ့သလို နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲမတိုင် ခင် အမေရိကန်ပြည်သူတွေရဲ့ မလိုလားမှုကို ကြုံတွေ့နေရပါတယ်။

“ဘာဆက်ဖြစ်မလဲတော့ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ အပေးအယူတစ်ခုရဖို့ ကြိုးစားနေ တယ်၊ အဆင်ပြေသွားရင်တော့ ကောင်းတာပေါ့။ တကယ်လို့ အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး၊ တခြား နည်းလမ်းနဲ့ ဆက်လုပ်သွားမှာပါ” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ကိုးကား – India Today
Ref; Iran agreed to no nuclear weapons, but could change course, says Trump