ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
နယ်စပ်ဒေသ မတည်ငြိမ်မှုများနှင့် တိုက်ပွဲများကြောင့် ယာယီပိတ်ထားခဲ့ရသည့် မြဝတီအမှတ် (၂) တံတား ကုန်စည်စစ်ဆေးရေးဂိတ်ကို တရားဝင်ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။
မြဝတီအမှတ် (၂) တံတားကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ကန့်သတ်ချက်အချို့ဖြင့် စတင် ဖွင့်လှစ်ကာ ကုန်တင်ကားကြီးများကို ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဇွန်လ ၂ ရက်နေ့တွင်မူ အာဏာလု စစ်အုပ်စု၏ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာ၌ အဆိုပါ ကုန်စည်စစ်ဆေးရေးဂိတ်ကို တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
မြဝတီအမှတ် (၂) တံတား ပြန်လည်ပွင့်လာပြီးနောက် ထိုင်းနိုင်ငံမှ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်များနှင့် မြန်မာနိုင်ငံမှ တင်ပို့မည့် ကုန်ထုတ်လုပ်မှုပစ္စည်းများအတွက် ပို့ကုန် လိုင်စင်များကို အသီးသီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
“မြဝတီအမှတ် (၂) တံတား ကုန်စည်စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်လှစ်နိုင်တာဟာ သတင်းကောင်း တစ်ခုပါပဲ။ ဒါဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ပြန် လည် အားကောင်းလာစေမှာဖြစ်ပါတယ်” ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ကုန်သွယ်ရေးမြှင့်တင်ရေးဌာန (DITP) ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှုများအတွက် ထိုင်းဘတ်ငွေ ၆၂၀ သန်း တန်ဖိုးရှိ သွင်းကုန် လိုင်စင်များကို ခွင့်ပြုပေးထားပြီး ၎င်းတို့တွင် လူသုံးကုန်ပစ္စည်းများ၊ အစားအသောက်၊ နေ့စဉ်သုံး ပစ္စည်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ အဓိကပါဝင်ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့သည့် ကုန်ပစ္စည်းများတွင် တိရစ္ဆာန်အစာ၊ ပြောင်းနှင့် ကြက်သွန်နီကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်များ အများဆုံး ပါဝင်ကြောင်း သိရသည်။
အဆိုပါ မြဝတီအမှတ် (၂) နယ်စပ်ဂိတ်တံတားကို ဒေသတွင်းစစ်ရေးမတည်ငြိမ်မှုများနှင့် တိုက်ပွဲများ ကြောင့် ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက မြန်မာနိုင်ငံဘက်ခြမ်းမှ ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ကိုးကား – The Nation Thailand
Ref; Myawaddy Bridge 2 checkpoint reopens for Thai-Myanmar trade