‎ဧရာဝတီတိုင်းမ်
‎ဇွန် ၄ရက်

‎မကွေးတိုင်းစစ်ဌာနအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က စနစ်တကျ ကွပ်ကဲ၍ စစ်ဆင်ရေးများ အရှိန်မြှင့်ဖော်ဆောင်လျက်ရှိရာ မေလကုန်မှ ဇွန်လပထမပတ်အထိ သီတင်းပတ် နှစ်ပတ် ခန့်အတွင်း ရွေးတုအစိုးရ စစ်တပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိကြီးများအပါအဝင် သုံ့ပန်း ၁၈ ဦးအထိ ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဌာန(MOD)က ယနေ့ ဇွန် ၄ရက် ရက်စွဲဖြင့်ထုတ်ပြန်သည်။

‎သရက်ခရိုင်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ခမရ-၅၉၉ မှ ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် တို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဇွန်လ ၃ ရက်နေ့ မင်းတုန်းမြို့နယ် တိုက်ပွဲတွင်လည်း စစ်တပ် တပ်ဖွဲ့ဝင် ၁၅ ဦးကို သုံ့ပန်းအဖြစ် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် မေ ၂၉ ရက်နေ့ကလည်း နတ်မောက် ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်ကို စစ်ဆင် ရေးနယ်မြေတစ်နေရာတွင် ဖမ်းဆီးနိုင်ခဲ့သည်။

မကွေးတိုင်းအတွင်း ချောက်၊ ဆိပ်ဖြူ၊ နတ်မောက်၊ ဂန့်ဂေါနှင့် မင်းတုန်းမြို့နယ်များ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးငယ်ပေါင်း ၄၃ ကြိမ်အတွင်း စစ်တပ်ဘက်မှ ၃၁ ဦး သေဆုံးပြီး ၅၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ဆိုသည်။

‎ထို့ပြင် ပုံတောင်တောင်ကြောမှတစ်ဆင့် ဂန့်ဂေါခရိုင်အတွင်း အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသည့် စစ်တပ်ကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

‎ယခုအခါ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူများပါ မြေပြင်တွင် သုံ့ပန်းအဖြစ် ဖမ်းဆီးခံနေရပြီး စစ်တပ်၏ မြေပြင်စစ်ဆင်ရေးကွပ်ကဲမှုနှင့် ခုခံနိုင်စွမ်း အကြီးအကျယ် ကျဆင်းနေကြောင်း ပြသနေသည်။

ထို့ပြင် ကာကွယ်ရေးပစ္စည်းစက်ရုံ ‎ကပစ-၂၁ သို့ ဦးတည်သည့် ယာဉ်တန်းများကို ချောက်နှင့် ဆိပ်ဖြူမြို့နယ်များတွင် ကြားဖြတ်၊ ခြုံခိုတိုက်ခိုက်ခြင်းနှင့်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ခြင်းတို့သည်လည်း PDF တပ်ဖွဲ့များ၏ စစ်ရေးထောက်လှမ်းမှုနှင့် ပြောက်ကျားစစ်ဆင်ရေး နည်းဗျူဟာများ ပိုမိုထိရောက် ထက်မြက်လာကြောင်း ဖော်ပြနေခြင်းဖြစ်သည်။


ရွေးတုအစိုးရ စစ်တပ်သည် ‎ဂန့်ဂေါခရိုင်အတွင်း အင်အား ၁,၀၀၀ ခန့်ဖြင့် အလုံးအရင်း စစ်ကြောင်း ထိုးရန် ကြိုးပမ်းနေသော်လည်း PDF ဘက်က ကြားဖြတ်တိုက်ခိုက်ထိန်းချုပ် ထားနိုင်ခြင်းကြောင့် ယခု မကွေးတိုင်းစစ်မျက်နှာသည် စစ်တပ်အတွက် စစ်အင်အားနှင့် လက်နက်ခဲယမ်း အမြောက်အမြား ပြုန်းတီးရာ နယ်မြေတစ်ခု ဖြစ်လာနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-MOD