ဧရာဝတီတိုင်းမ်
‎ဇွန် ၄ ရက်

 

‎‎စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တောင်ဘက်ခြမ်းရှိ လယ်ပြင်၊ နန်းကင်း နှင့် နတ်မဟုတ်ကလေး စသည့် ကျေးရွာတဝိုက်တွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

 

‎‎ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က နတ်မဟုတ်ကလေးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်၏ ခြေကုပ် စခန်းငယ်တစ်ခုကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ၂နာရီခန့်အကြာ စီးနင်းတိုက်ခိုက်ပြီး‌နောက် သိမ်းပိုက်နိုင်ခဲ့သည်။

 

‎”မနေ့ကတည်းက ဂျက်ဖိုက်တာရော၊ ထောက်ပို့သယ်ယူ လေယာဉ်ရောဝဲနေတာ မပခ (မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်) ကိုဝင်တဲ့ ယာဉ်တန်းတွေပြန်းဆင်းမှာကြောင့်လို့လည်း ပြောတယ်။ အင်းတော်၊ ကသာဘက်ကတော့ အဖွဲ့စုံက ဝင်တိုက်နေတဲ့သဘောပဲ။ AA ရှိမယ်။ KIA ရှိမယ်။ NUG တပ်တွေရှိမယ်။ လက်နက်ကြီးသံကတော့ ကြားနေရတယ် နေ့တိုင်းနီးပါးပဲ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎‎ထို့အပြင် မေလ‌နောက်ဆုံးပတ် ရက်များအတွင်းကလည်း သက်ကယ်ကျင်းကျေးရွာအနီး၌ ထိတွေ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ လေး ဦး သေဆုံးပြီး စစ်သုံ့ပန်း တစ် ဦး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။နှစ်ဖက် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည့်အတွက် နတ်မဟုတ်ကလေး၊ နတ်မဟုတ်ကြီး၊ ကရင်၊ ကူးဆိပ် စသည့်ကျေးရွာတို့မှ ဒေသခံများ ထောင်နှင့်ချီ၍ စစ်ရှောင်နေရသည်။

 

‎‎လတ်တလော နောက်ဆုံးအခြေအနေများအရ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် နတ်မဟုတ် ကလေးနှင့် သက်ကယ်ကျင်းကျေးရွာတို့ကို မြေပြင်တွင် အပြည့်အဝ စိုးမိုးထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

 

‎စစ်တပ်က မဲဇာလမ်းဆုံကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာမှုကို တော်လှန်ရေးတပ်ဖွဲ့များက ဟန့်တားပိတ်ဆို့ထားဆဲဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အင်းတော်မြို့မြောက်ဘက်နားရှိ လမ်းဆုံကို တိုက်ခိုက်နေပြီး၊ မဲဇာမှတစ်ဆင့် ပင်လည်ဘူး နယ်မြေဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် စစ်တပ် စစ်ကြောင်းများကိုလည်း ဟန့်တားခုခံမှု များ ပြုလုပ်လျက်ရှိသည်။

 

‎ထို့ကြောင့် စစ်တပ်အနေဖြင့် နန့်စီးအောင်ဘက်သို့ ထိန်းချုပ်မည့် လမ်းကြောင်းပေါ်တွင် တဖြည်းဖြည်းချင်း စိုးမိုးနိုင်မှု လျော့နည်းလာနိုင်သည့် အခြေအနေတွင် ရှိနေသည်။ အလားတူ ဟုမ္မလင်းမြို့နယ်အတွင်း၌လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

 

‎မဲဇာလမ်းဆုံကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ပိတ်ဆို့ထားနိုင်သည့်အတွက် စစ်တပ်၏ ပင်လည်ဘူးနယ်မြေဘက်သို့ စစ်ကြောင်းချဲ့ထွင်မည့် အစီအစဉ်ကို ထိရောက်စွာ ဖြတ်တောက် ထားနိုင်သည်။

 

‎‎အင်းတော်မြို့နယ် မြောက်ဘက်နှင့် တောင်ဘက် လမ်းဆုံ၊ လမ်းခွများတွင် တပြိုင်နက်တည်း စစ်ရေး လှုပ်ရှားမှုများ ရှိနေခြင်းကြောင့် ဤဒေသသည် ရှေ့တန်းစစ်မျက်နှာတွင် စစ်တပ်အတွက် ထောက်ပို့နှင့် နယ်မြေစိုးမိုးရေးအရ အကျပ်ရိုက်စေသည့် အဓိကဗဟိုချက် ဖြစ်လာနေသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်