‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၇ ရက်

ကျောင်းဆရာဘဝ ဖြတ်သန်းမှုကို ရေးသားထားသည့် “ရိုးမပေါ်မှာကျတဲ့မျက်ရည်” ဝတ္ထုဖြင့် ထင်ရှား ကျော်ကြားသည့် အမျိုးသားစာပေဆုရှင်၊ ဝါရင့်စာရေးဆရာကြီး တင်ညွန့် အသက် ၇၁ နှစ်အရွယ်ကို ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှပေါ်ပေါက်လာသည့် ရွေးတုအစိုးရက မတရားဖမ်းဆီးထား ကြောင်း သိရသည်။

ရသသုတစုံ စာပေများ ရေးသားကာ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာကြီးတင်ညွန့် ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့၊ သန်လျင်ရဲစခန်း၌ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ဆရာက အသက် ၇၁ နှစ် ရှိပြီဆိုတော့ ကျန်းမာရေးကလည်း ဂရုစိုက်နေရတဲ့အရွယ်ပါ။ အငြိမ်းစား ကျောင်း ဆရာကြီးတစ်ယောက်၊ စာပေနဲ့ အေးအေးဆေးဆေးနေပြီး လူမှုရေးလုပ်နေတဲ့သူကို ခုလို ပုဒ်မတပ်ဖမ်းဆီးတာဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ”ဟုမိသားစုနှင့်နီးစပ်သူက ဧရာ၀တီ တိုင်းမ် ကို ပြောသည်။

 

ဆရာကြီးတင်ညွန့်သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကြာ ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး ၎င်း၏ ကျောင်းဆရာဘဝ အတွေ့ အကြုံများကို အခြေခံကာ ရေးသားခဲ့သည့် “ကျောင်းဆရာမှတ်တမ်း” စာအုပ်ဖြင့် ၂၀၁၇ ခုနှစ်တွင် အမျိုးသားစာပေဆု (စာပဒေသာဆု) ကို ရရှိခဲ့သည်။ ထို့ပြင် ဆရာကြီးရေးသားသည့် “ရိုးမပေါ်မှာ ကျတဲ့မျက်ရည်” ရသဝတ္ထုရှည်မှာလည်း အထူးထင်ရှားကာ ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်းခံခဲ့ရသည်။

ဆရာတင်ညွန့်သည် စာပေလောကတွင် နည်းပညာ၊ နိုင်ငံရေး၊ ပညာရေးနှင့် ဝတ္ထုရှည် စာအုပ်ပေါင်း ၅၀ ကျော် ရေးသားခဲ့သည့်အပြင်၊ အငြိမ်းစား ကျောင်းဆရာ၊ ကျောင်းဆရာမဟောင်းများကို ကူညီပေးသည့် “အမေ့ခံဆရာကြီးများ ထောက်ပံ့ရေး” အစီအစဉ်ကိုလည်း ဦးဆောင်ကာ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်သည်။

 

လက်ရှိတွင် နိုင်ငံတကာက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုနေချိန်တွင် ရွေးတုစစ်အုပ်စုက အသက် အရွယ်ကြီးရင့်နေပြီဖြစ်သည့် စာပေပညာရှင်တစ်ဦးကို ထပ်မံဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

 

ဆရာကြီးတင်ညွန့်သည် စာပေနယ်ပယ်၌ ကျော်ဗလ၊ မောင်ခေတ် စသည့် ကလောင်အမည်ခွဲ များဖြင့် လည်း ထင်ရှားပြီ “အာဏာရှင်တို့ နေဝင်ချိန်”၊ “ဦးနေဝင်း၏ နောက်ဆုံးနေ့များ” နှင့် “ယူကရိန်းသမ္မတ ဇီလန်းစကီး” စသည့် စာအုပ်များသည်လည်း စာဖတ်သူများအကြား လူသိများသည့် စာအုပ်များ ဖြစ်သည်။

 

ဓာတ်ပုံ-Tin Nyut