ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တွင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယခု ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ရွေးတုအစိုးရလက်ထက်အထိ တိုင်းမှူး ငါး ဦးအထိ ပြောင်းလဲခန့်အပ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ လျာထားစာရင်းတွင် ပါဝင်သည့် တိုင်းမှူးများ ပြောင်းလဲခန့်အပ်ရာတွင် နတခ တိုင်းမှူးနေရာပါ အပြောင်းအလဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူးသစ်အဖြစ် ဗိုလ်မှူးချုပ် အောင်ကျော်ခိုင် (စတသ-၃၃) ကို အစားထိုးခန့်အပ်လိုက်ပြီး၊ ယခင်တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးကျော်ထက်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တိုင်းမှူးအဖြစ် ပြောင်းရွှေ့လိုက်သည်။
စစ်တပ်အာဏာသိမ်းချိန်မှစ၍ နတခ တိုင်းမှူးများအဖြစ် ဗိုလ်ချုပ် အောင်အောင်၊ ဗိုလ်ချုပ် ကြည်ခိုင်၊ ဗိုလ်ချုပ် ဝေလင်း၊ ဗိုလ်ချုပ် စိုးကျော်ထက်နှင့် ယခု ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်အပါအဝင် တိုင်းမှူး ငါး ဦးအထိ ပြောင်းလဲမှုရှိခဲ့သည်။

တိုင်းမှူးသစ် ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်မှာ ယခင်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လွိုင်ကော်တွင် ဒကစမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေသည် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများမှစ၍ အာရက္ခတပ်တော် (AA) ၏ မြို့သိမ်းတိုက်ပွဲများအတွင်း ပါဝင်လာသည့်အတွက် တိုင်းမှူးများကို ရွေးတုစစ်အုပ်စု၏ စစ်ဗျူဟာပိုင်းက အနီးကပ် စောင့်ကြည့်နေသည့် အခြေအနေဖြစ်သည်။
AA သည် ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူနှင့် သာပေါင်းစသည့် ဒေသများသည် ရခိုင်တစ်ဖက်ခြမ်းနှင့် ဆက်စပ်၍ နယ်မြေစိုးမိုးမှု ရယူလိုသည့်အတွက် တိုက်ပွဲများ ဖော်ဆောင်ထားပြီး နယ်မြေအချို့ကိုလည်း ထိန်းချုပ်ထားသည်။
တိုက်ပွဲများ စတင်ဖြစ်ပေါ်လာချိန်တွင် ရခိုင်-ဧရာဝတီအစပ်ရှိ စစ်ဆေးရေးဂိတ်များမှ တာဝန်ရှိသူများ၊ စစ်အရာရှိများနှင့် တိုင်းမှူးများကို AA နယ်မြေအတွင်း ရိက္ခာနှင့် စက်သုံးဆီ ပို့ဆောင်သည်ဟု စွပ်စွဲကာ ပြစ်ဒဏ်ကြီးများ ချမှတ်အရေးယူမှုများလည်း ရှိခဲ့သည်။
လက်ရှိ ရွေးတုစစ်အုပ်စု၏ တပ်ချုပ်အသစ် ရဲဝင်းဦးလက်ထက်တွင်အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ တပခ နှင့် ရတခ တိုင်းမှူးနေရာများကို အပြောင်းအလဲ အကြီးအကျယ် ပြုလုပ်ထားကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်