နိုင်ငံတကာခေတ်ပြိုင်ရုပ်ပုံလွှာများ (၁)
===

အားနည်းချက်ကိုအားသာချက်အဖြစ်ခံယူတဲ့လူပုလေး(အက်ဆေး)
ဝေးဝေး

အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ဂျွန်ဆင်မာဆာဆေးဟာ အရပ် ၃ ပေ ၄ လက်မပဲ ရှိသူပါ။ သူဟာ အာဖရိကတိုက်တောင်ပိုင်း၊ ဘော့ဆွာနာနိုင်ငံက ရဲရင့်တဲ့ ဆယ်လီတစ်ဦး ဖြစ်ပါတယ်။ သူဟာ လူပုလေးတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်လိုက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို မိုဂျိုနီလို့ လူသိများပါတယ်။

လူပုလေးတွေအကြောင်း ပြောရရင် အများစုအတွက် အမှတ်ရဆုံး ပုံပြင်ကတော့ ဝေါ့ဒစ္စနေး ကုမ္ပဏီက ထုတ်လုပ်တဲ့ ”စနိုးဝှိုက်နဲ့ လူပုလေး ခုနစ်ယောက်” ကာတွန်းကားပဲ ဖြစ်ပါလိမ့်မယ်။ ဒီဇာတ်လမ်းထဲမှာ စနိုးဝှိုက်မင်းသမီးလေးကို ချစ်ခင်ဂရုစိုက်ကြတဲ့ လူပုလေး ခုနစ်ယောက်ကို ပရိသတ်တွေ အလွန် နှစ်သက်ခဲ့ကြပါတယ်။

ခေတ်သစ်ရုပ်ရှင်သမိုင်းမှာတော့ လူကြိုက်များလှတဲ့ Game of Thrones ဇာတ်လမ်းတွဲထဲက စစ်ဘုရင် နယ်စားကြီး တိုင်ဝင်လန်နစ္စတာရဲ့ သားအငယ်ဆုံး တိုင်ရီရွန်လန်နစ္စတာကို နိုင်ငံတကာက ပရိသတ် တွေက အမြဲအမှတ်ရကြပါတယ်။ လူပုလေးဖြစ်လို့ လက်ရုံးရည်မှာ မပြောင်မြောက်လှပေမဲ့ ဉာဏ်ရည် ထက်မြက်သူ၊ နိုင်ငံရေးကို ထိုးထွင်းသိမြင်သူ၊ လိုအပ်ရင် အမှန်တရားဘက်က ရပ်တည်သူအဖြစ် ဒီဇာတ်ရုပ်ကို စွဲလမ်းကြပါတယ်။

ဒါပေမဲ့ ပြင်ပလူ့အဖွဲ့အစည်းထဲက လူပုလေးတွေရဲ့ ဖြစ်တည်မှုကတော့ စနိုးဝှိုက်ဇာတ်လမ်းထဲက လူပုလေးတွေနဲ့ တိုင်ရီရွန်လန်နစ္စတာလောက် မချောမွေ့ကြပါဘူး။

ဂျွန်ဆင်မာဆာဆေးကို ဘော့ဆွာနာနိုင်ငံ၊ စီရိုဝီမြို့မှာ မွေးဖွားခဲ့ပါတယ်။ အရင်တုန်းကတော့ လူပုလေး တွေကို လူမှုအသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံမှုက အလွန်ဆိုးရွားခဲ့ပါတယ်။ လူတွေက သူတို့ကို ဉာဏ်ရည်မမီသူ၊ ကောက်ကျစ်သူ၊ ကျိန်စာသင့်နေသူတွေအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ ဂျွန်ဆင်ကံကောင်း တာကတော့ သူ့အပေါ် ကြင်နာတဲ့ ဘွားအေနဲ့ ကြီးပြင်းခဲ့ရတာပါ။ ဒါပေမဲ့ အိမ်ပြင်က တခြားလူတွေရဲ့ ခွဲခြားဆက်ဆံမှုက သူ့နှလုံးသားကို နာကျင်စေခဲ့ပါတယ်။

“ငယ်ငယ်တုန်းကဆို သူက လူတွေကို ကြောက်တတ်တယ်၊ လူတွေကိုမြင်ရင် ပုန်းနေတတ်တာ” လို့ သူ့အဘွား မော်နီကာမာဆာဆေးက ပြန်ပြောပြပါတယ်။

ငယ်ငယ်ကတည်းက ဂျွန်ဆင် ကောင်းကောင်း ကြီး သိခဲ့တာ တစ်ခုရှိတယ်။ အဲဒါကတော့ လူတွေဟာ လူပုလေးတစ်ယောက်ကို တွေ့ရင် သူဘာပဲ လုပ်လုပ် ဝိုင်းဟားကြမယ်ဆိုတာပါပဲ။ ပြေးနေတာတွေ့ရင် ဟားကြသလို၊ ခုန်နေတာ၊ ကနေတာမြင်ရင် လည်း ဟားကြတာပါပဲ။

လူတစ်ဦးကို ရယ်မောစေတာနဲ့ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှုကို လှောင်ပြောင်ခွင့်ပေးတာကြားမှာ စည်းက ပါးပါးလေးပဲ ခြားပါတယ်။ ဂျွန်ဆင်ကတော့ ဒီစည်းကို အရွေ့တစ်ခုဖြစ်အောင် ပြောင်းလဲနေတဲ့သူပါပဲ။ သူက လူတွေကို ဖျော်ဖြေပေးပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး သီချင်းဆိုတဲ့ ကတဲ့ အလုပ်တွေကို သူစလုပ်ခဲ့ပါတယ်။ ဂီတနယ်ထဲမှာရှိတဲ့ မိတ်ဆွေတချို့က သူ့ကို လူရွှင်တော်ပါလုပ်ဖို့ အကြံပေးတာနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ရယ်စရာဗီဒီယိုတွေကို အွန်လိုင်းမှာ သူတင် ဆက်ခဲ့တယ်။

“ကျွန်တော့်အတွက်တော့ ဒါဟာ လူတွေကို လူပုလေးတွေအကြောင်းကို ပညာပေးဖို့အခွင့်အရေးပါပဲ” လို့ ဂျွန်ဆင်မာဆာဆေးက နယူးယောက်တိုင်း သတင်းစာကြီးကို ပြောပြတယ်။

”သူတို့ရဲ့ မသိ နားမလည်မှုကို ကျွန်တော်က ဟာသအဖြစ် ပြောင်းလဲလိုက်တာပါ။ နောက်ဆုံးတော့ သူတို့ဒါကို သဘောကျသွားကြတာပါပဲ” သူက ထပ် လောင်းပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဘော့ဆွာနာရဲ့ မြို့တော် ဂါဘိုရုန်းရဲ့ မြောက်ဘက်က ရွာလေးတစ်ရွာရဲ့ ကျောင်းကပွဲကို ဂျွန်ဆင် ရောက်လာခဲ့တယ်။ ကျောင်းသူလေးပုံစံ ယူနီဖောင်း၊ လည်စည်းနဲ့ မျက်မှန် ထူထူကြီးကို တပ်ဆင်လာတယ်။ သူနဲ့အတူကဖို့ အဖော်တွေလည်း ပါလာတယ်။ သူတို့ကို အခမ်း အနားက ငှားခဲ့တာပါ။

အရက်မူးနေသူအချို့နဲ့ ပွဲလာပရိသတ်တွေက သူ့ကိုမြင်တော့ ဝမ်းသာအားရ ကြိုဆိုကြတယ်။ ဓာတ်ပုံတွေ တွဲရိုက်ကြတယ်။ ဒေသခံတေးသွားနဲ့အတူ ဂျွန်ဆင်က ဖင်လေးကို လှုပ်ပြီး ကတဲ့အခါတော့ ဒေသခံတွေ အကြီးအကျယ် ပွဲကျသွားပါပြီ။ ဂျွန်ဆင်က သူဟာ သူ့ဂုဏ်သိက္ခာကို ရောင်းစားနေတာ မဟုတ်ဘဲ လူတွေကို ပညာပေးနေတာလို့ ဆိုပါတယ်။ သူ့ကို အွန်လိုင်းနဲ့ လူထုတွေအကြားမှာ ပိုမြင်လာရလေလေ လူပုလေးတွေနဲ့ ပတ်သက်လို့ ဘော့ဆွာနာပြည်သူတွေ ပိုရင်းနှီးလာလေလို့ သူက ခံယူတယ်။

“သူက လူပုလေးတွေကို ခေတ်စားအောင် လုပ်ပေးနေတာ” လို့ လူပုလေးတွေနဲ့ ပတ်သက်လို့ တက်ကြွ လှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

ဘော့ဆွာနာက တခြားလူပုလေးတွေကလည်း ဂျွန်ဆင်လုပ်နေတာ တွေကို အားပေးကြပါတယ်။ အခုတော့ ဘော့ဆွာနာမှာ မသန်စွမ်းသူတွေရဲ့ အခွင့် အရေးကို ကာကွယ် ပေးမယ့် ဥပဒေရှိနေပါပြီ။ ဒါပေမဲ့ ဒီဥပဒေဟာ လူပုလေးတွေရဲ့ အခွင့်အရေးကို အမြဲအကာအကွယ် ပေးနိုင်တာတော့ မဟုတ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဆိုပါတယ်။

လူပုလေးတွေရဲ့ ဘဝကို နားလည်အောင် အနုပညာနဲ့ အပတ်တကုတ် ကြိုးစားရှာတဲ့ ဂျွန်ဆင်မာဆာ ဆေးကိုယ်တိုင်ကတော့ လက်တွေ့ဘဝမှာ ရုန်းကန်ခဲ့ရသူတစ်ဦးပါ။ သူ့ဇနီးဟာ သူတို့ရဲ့ ဒုတိယကလေး မွေးဖွားပြီး ကလေးဟာ လူပုလေးမှန်းသိတဲ့ အချိန်မှာ ဂျွန်ဆင်ကိုရော ကလေးနှစ်ယောက်ကိုရော ထားသွားပြီး အပြီးအပိုင် ထွက်သွားပါတော့တယ်။ သူ့ဇနီးဟာ လူပုတစ်ယောက် မဟုတ်ပါဘူး။

“အစတုန်းကတော့ အင်မတန် နာကျင်ခဲ့ရပါတယ်” လို့ ဂျွန်ဆင်က ပြန်ပြောပြပါတယ်။

အခုတော့ ဂျွန်ဆင်ဟာ သူ့ကို နားလည်မှုပေးတဲ့ ကြင်ယာနဲ့ ဆုံတွေ့ခဲ့ပါပြီ။ သူမနဲ့အတူ တတိယကလေးကို ထပ်ရခဲ့ပါတယ်။ ဒီကလေးဟာလည်း လူပုလေးပါပဲ။ “သူ့နှလုံးသားက အရမ်းဖြူစင်တယ်။ ကျွန်မကို လည်း အရမ်းချစ်တယ်” လို့ သူမက ဆိုပါတယ်။

သူ့ဇာတိ စီရိုဝီမြို့က ဈေးဝယ်စင်တာတစ်ခုအနားမှာ ဂျွန်ဆင် လမ်းလျှောက်လာတယ်။ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးက သူ့ဆီကို ပြေးလာနှုတ်ဆက်တယ်။ လမ်းဘေးဈေးသည်တွေကလည်း အော်ဟစ် နှုတ်ဆက်ကြတယ်။

သူတို့ထဲက တစ်ယောက်ကတော့ “ငါတို့ရဲ့ သမ္မတကြီး” လို့ လှမ်းအော်တယ်။

ဂျွန်ဆင်မာဆာဆေးက အခုလို မှတ်ချက်ချပါတယ်။

“ဒါဟာ ကျွန်တော့်ရဲ့ အားသာချက်ပါပဲ။ ကျွန်တော်ဟာ လူပုလေးတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။ တခြားသူတွေတောင် ကျွန်တော့်လို ဖြစ်ချင်နေကြတာ”

#နိုင်ငံတကာခေတ်ပြိုင်ရုပ်ပုံလွှာများ #အက်ဆေး #ဂျွန်ဆင်မာဆာဆေး #AyeyarwaddyTimes