နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ရွေးတုစစ်အစိုးရက မတူညီသော ချဉ်းကပ်မှုဖြင့် သွေးကွဲခြိမ်းခြောက်နေပြီး ထိုအပေါ် နားမယောင်၊ စိတ်ယိမ်းမယိုင်သွားရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းသတိပေးသည်။
သမ္မတအမည်ခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးသွားရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကို နာမည်တပ် ဖိတ်ခေါ်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အား လက်နက်ချရန် ခြိမ်းခြောက်ဝါဒဖြန့်လျက်ရှိသည်။
မြန်မာနိုင်ငံ၌ စစ်တပ်သည် ဒို့တာဝန် အရေးသုံးပါးကို ပြောကောင်းသော စကားတစ်ခုအဖြစ် သုံးလေ့ရှိသော်လည်း နိုင်ငံတဝန်းလုံး အာဏာကြီးစိုးရန် အမြဲစဉ်းစားပြီး တော်လှန်ရေး အင်အားစုများကိုလည်း ခြိမ်းခြောက်နိုင်မှုအပေါ် မူတည်၍ ပုံစံနှစ်မျိုးဖြင့် ချဉ်းကပ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးထံက သိရသည်။
“ဒီလိုချဉ်းကပ်မှု နှစ်ခုနဲ့ တော်လှန်ရေး အင်အားစုဘက်ကို သွေးကွဲဖို့ အမြဲကြိုးစားတယ်။ ဒီလိုမျိုး အကြမ်းဖက် စစ်တပ်က လုပ်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးအပေါ်မှာ နားမယောင်၊ စိတ်ယိမ်းယိုင်မသွားဖို့ အရေးကြီးပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုကဲ့သို့ ERO များကို ဖိတ်ခေါ်ရာ၌လည်း အဓိကအားဖြင့် တော်လှန်ရေး အင်အားစုများဘက်မှ တုန်ပြန်ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်များ ပါဝင်နေသဖြင့် ယင်းစုဖွဲ့မှုအား ပြိုကွဲစေရန် ရွေးတုစစ်အစိုးရက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် SCEF ကို တော်လှန်ရေး အဖွဲ့အစည်း ခြောက်ဖွဲ့ဖြင့် စုဖွဲ့ထားပြီး ထိုအထဲ NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပါဝင်သည်။
“ဒါလည်း သူတို့လုပ်နေကျ လမ်းဟောင်းကြီးပါပဲ။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာထက် မပိုပါဘူး။ တော်လှန်ရေး အင်အားစုဘက်ကလည်း ဘာမှဒီအပေါ်မှာ မူ့စရာ၊ တုန်လှုပ်စရာ အကြောင်းမရှိဘူး။ ကိုယ်လုပ်စရာ ရှိတဲ့အလုပ်ကို တစိုက်မတ်မတ် ဆက်လုပ်ဖို့ ရှိနေတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရက ဆိုသည်။
ရွေးတုစစ်အစိုးရသည် ငြိမ်းချမ်းရေး ဖိတ်ခေါ်နေသော်လည်း နိုင်ငံတဝန်း လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုများမှာ လျော့နည်းသွားခြင်း မရှိသလို ထိန်းချုပ်နိုင်ခြင်းမရှိသော မြို့နယ်များကိုလည်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း EROs နှင့် PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော်သည် မတ် ၂၀ ရက်မှ ဧပြီ ၂၄ ရက်အတွင်း လက်နက်ခဲယမ်းများနှင့်တကွ လက်နက်ချ အညံ့ခံလာသလို ယင်းမတိုင်မီကလည်း ထိုနည်းလည်းကောင်း PDF အပါအဝင် ၅၀၀ ကျော် အညံ့ခံလာကြောင်းလည်း ဝါဒဖြန့်ထုတ်ပြန် ဖော်ပြထားသည်။
“သူတို့ဝါဒဖြန့် ဗွီဒီယိုမှာ ရိုက်ပြထားသလိုမျိုး မထင်ပါနဲ့။ လက်နက်ချ၊ ခိုလှုံသူတွေဟာ သေချာတာတစ်ခုကတော့ အနည်းဆုံး စစ်ကြောမေးမြန်းခံရမယ်။ မထင်ရင် မထင်သလို လက်စပျောက်ခံရတဲ့ထိတောင် အများကြီးရှိနိုင်တယ်ဆိုတာ သေချာနားလည်ထားဖို့ လိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ယင်းအညံ့ခံလာသူဟု ထုတ်ပြန်ဆိုသူများသည် ဝါဒဖြန့်သွားရန် ကြိုတင်ပြင်ဆင်ထားသော လူများဖြစ်ကြပြီး ၎င်းတို့ကို ဝတ်ဆင်ပေးထားသည့် ယူနီဖောင်းများနှင့် အမှတ်တံဆိပ်များမှာ မှားယွင်းနေသလို သက်ဆိုင်ရာတော်လှန်ရေး အင်အားစုများကလည်း မဟုတ်မမှန်ဟု ငြင်းဆိုပြောထားကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်