ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
အီရန်စစ်ပွဲ အဆုံးသတ်ရေး ပါကစ္စတန်နိုင်ငံမှာ ဆွေးနွေးမယ့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကို သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့မှာ ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။ အီရန်ကိုယ်စား လှယ်အဖွဲ့ ပါကစ္စတန်ကနေ ထွက်ခွာသွားပြီး မကြာခင်မှာပဲ သူက အခုလို ဆုံးဖြတ်လိုက်တာပါ။
ဒေါ်နယ်ထရမ့်က အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ သားမက်ဖြစ်သူ ဂျာရက်ကွပ်ရှ်နာတို့ အနေနဲ့ အဲဒီကို သွားနေရင် အချိန်ကုန်တာပဲ အဖတ်တင်မယ်လို့ ပြောခဲ့ပြီး အီရန်ကသာ တကယ်ဆွေး နွေးချင်တယ်ဆိုရင် ဖုန်းဆက်လိုက်ရုံပဲလို့လည်း သူက ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီဟာ ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်နဲ့ ဆွေး နွေးခဲ့ပြီး စစ်ပွဲရပ်တန့်ရေးအတွက် အီရန်ရဲ့ သဘောထားကို အသိပေးခဲ့ပေမဲ့ အမေရိကန်က ဒီကိစ္စကို တ ကယ်ပဲ သံတမန်နည်းလမ်းအရ ဖြေရှင်းချင်တာလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောသွား ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်ဖို့အတွက် ဧပြီ ၂၂ ရက်နေ့မှာ သက်တမ်း ကုန်မယ့် အပစ်အခတ်ရပ်စဲရေးကို ရက်တိုးပေးပေမဲ့ အခုချိန်ထိတော့ သံတမန်ရေးအရ ဆွေးနွေးမှုတွေက ရှေ့မတိုးနိုင်ဆဲ ဖြစ်နေပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေရတဲ့ ဟော်မုဇ် ရေလက်ကြားကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေ တင်းမာနေကြတာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီလမှာ စတင်တိုက်ခိုက်ခဲ့သလို အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကြောင့်လည်း အီရန်က အဲဒီရေကြောင်းလမ်းကို ပိတ်ဆို့ကန့်သတ်ထားခဲ့တာ ဖြစ်ပါ တယ်။
အမေရိကန်က အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ဆို့ဖို့အတွက် အဲဒီရေလက်ကြားမှာ ရေတပ်အင်အား ကို တိုးမြှင့်ထားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ခရီးစဉ်အကြောင်း ကြေညာတုန်းက အိမ်ဖြူတော်က အီရန်က စကားပြောချင်နေတယ်လို့ ပြောခဲ့ပေမဲ့ အီရန်ကတော့ တိုက်ရိုက်တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ချက် နည်းသွားပေမဲ့လည်း အပစ် အခတ်ရပ်စဲရေးကိုတော့ ဆက်ပြီး ထိန်းသိမ်းသွားမယ် လို့ ပြောပါတယ်။
အခုလို ခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ စစ်ပွဲပြန်စတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လားလို့ Axios သ တင်းဌာနက မေးတဲ့အခါမှာတော့ ဒေါ်နယ်ထရမ့်က “အဲဒီလို အဓိပ္ပာယ် မဟုတ်ပါဘူး။
ကျွန်တော်တို့ အဲဒီအကြောင်း မစဉ်းစားရသေးဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။
အီရန်ခေါင်းဆောင်ပိုင်းတွေကြားထဲမှာ အကြီးအကျယ် အားပြိုင်မှုတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်နေ ပြီး သူတို့ကိုယ်တိုင်တောင် ဘယ်သူက ဦးဆောင်နေမှန်း မသိကြဘူးလို့ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါ တယ်။
အကယ်၍ ဆွေးနွေးပွဲတွေသာ အောင်မြင်ခဲ့ရင် ဒုသမ္မတ ဂျေဒီဗန့်စ်ကိုယ်တိုင် ပါဝင်ဆွေးနွေးဖို့ အ သင့်ပြင်ထားခဲ့တာလို့လည်း အိမ်ဖြူတော်က ဆိုပါတယ်။
ကိုးကား – BBC
Ref; Trump cancels US envoys’ trip to Pakistan for talks on Iran war