ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၇၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး များပြားကြောင်း ဒေသခံများနှင့် ဈေးသည်များထံမှ သိရသည်။
ယနေ့ ဧပြီ ၂၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ၂ နာရီနီးပါးကြာ ငြိမ်းသတ်ခဲ့ရကာ နံနက် ၈ နာရီကျော်တွင်မှ မီးငြိမ်း သတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“အတော်ကြာငြိမ်းလိုက်ရတယ်။ ဘာမှဝိုင်းမလုပ်နိုင်ကြဘူးပေါ့။ မီးသတ်ကားကိုပဲ အားကိုးကြတာ ပေါ့နော်။ ဘာမှမယူလိုက်နိုင်ပါဘူး ဆိုင်ခန်း ၂၇၀ လောက်ပါသွားတယ်”ဟု ဈေးသည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မီးလောင်မှုကို ဓနုဖြူမြို့နယ်မှ မီးသတ်ယာဉ် ၁၄ စီးခန့်ဖြင့် ငြိမ်းသတ်ခဲ့ရပြီး၊ လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိသည်။

ယခုနှစ် နွေရာသီတွင် ရာသီဥတု အလွန်အမင်း ပူပြင်းလာသည်နှင့်အမျှ ဧရာဝတီတိုင်းအတွင်း မီးလောင်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်။ တိုင်းမြို့တော် ပုသိမ်မြို့တွင်လည်း ဧပြီ ၁ ရက်မှစ၍ ယနေ့အထိ အမှတ် (၅) ရပ်ကွက်၊ အကြော်တန်းလမ်း၊ တဲကြီးကုန်း၊ မြကျွန်းသာကိုင်းတောနှင့် အမှတ် (၁၄) ရပ်ကွက်တို့တွင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-Myanmar Fire Services Department၊ လူမှုကွန်ရက်