ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားမှာ လမ်းကြောင်းပိတ်အောင် နှောင့် ယှက်နေတဲ့ အီရန်ရဲ့ လှေငယ်လေးတွေကိုတွေ့ရင် ပစ်ခတ်ဖို့ အမေရိကန်စစ်တပ်ကို အမိန့်ပေးလိုက်ပါ တယ်။
အရေးပါတဲ့ ဒီရေလမ်းကြောင်းထဲက ရေမိုင်းတွေကို ဖယ်ရှားတဲ့ အလုပ်တွေကိုလည်း စစ်တပ်က အရှိန်မြှင့်ပြီး လုပ်နေတယ်လို့ ၎င်းက ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ဒီလုပ်ရပ်ကြောင့် ပါရှန်ကွေ့အတွင်း အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ပို ဆိုးလာသလို စစ်ပွဲတွေ ရပ်တန့်ဖို့ ကြိုးပမ်းနေတာတွေအပေါ်မှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာစေ ပါတယ်။
အဲဒီနေ့နှောင်းပိုင်းမှာပဲ အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ကြပြီးနောက် အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် သုံးပတ် ထပ်တိုးဖို့ သဘောတူလိုက်ပြီ လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒီကြာသပတေးနေ့က တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့အပတ်ကစလို့ နှစ်နိုင်ငံကြား ဒုတိယအကြိမ်မြောက် အဆင့်မြင့်ဆွေးနွေးပွဲဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့က စတင်ခဲ့တဲ့ ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးဟာ လာမယ့်တနင်္လာနေ့မှာ သက်တမ်းကုန်တော့မှာဖြစ်လို့ အခုလို သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က အီရန်ရေနံတွေ မှောင်ခိုပို့ဆောင်ရာမှာ ပါဝင်ပတ်သက်နေတဲ့ Majestic X ဆိုတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အိန္ဒိယသမုဒ္ဒရာထဲမှာ ကြာသပတေးနေ့က ထပ်ပြီး ဖမ်းဆီးလိုက်တယ် လို့ ဆိုပါတယ်။
ဒါဟာ စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတာတွေအပေါ်မှာ ပိုပြီးတော့ ရှုပ်ထွေးသွားစေပါတယ်။ ဒီလိုဖမ်းဆီးမှုဟာ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်တင်သင်္ဘော သုံးစီးကို တိုက်ခိုက်ပြီး နှစ်စီးကို သိမ်းပိုက်လိုက်တဲ့ နောက်တစ်ရက်မှာပဲ ဖြစ်လာတာပါ။
သင်္ဘောတွေရဲ့ တည်နေရာပြ အချက်အလက်တွေအရ Majestic X သင်္ဘောဟာ သီရိလင်္ကာနဲ့ အင်ဒိုနီးရှားနိုင်ငံကြားက အိန္ဒိယသမုဒ္ဒရာထဲမှာ ရှိနေတာကို တွေ့ရပါတယ်။
အမေရိကန်နဲ့ အီရန်ကြားက ဒီလို အခြေအတင် ဖြစ်နေမှုတွေကြောင့် ကမ္ဘာ့ရေနံအရောင်းအဝယ် ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်ပို့မှုတွေဟာ အား လုံးနီးပါး ရပ်တန့်သွားသလို ဖြစ်နေပါတယ်။
ကိုးကား – AP
Ref; Trump orders military to ‘shoot and kill’ Iranian small boats choking Strait of Hormuz