‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၅ ရက်

‎ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် စစ်တပ်က Y-12 လေယာဉ် ခြောက် စင်းဖြင့် အုပ်ဖွဲ့ကာ လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံများမှာ ဗုံးခိုကျင်းအတွင်း ပုန်းခိုနေခဲ့ရကြောင်း သိရသည်။

‎ယမန်နေ့ ဧပြီ ၂၄ရက် နေ့လယ် ၁ နာရီကျော်အချိန်မှစတင်၍ လေယာဉ် ခြောက်စင်းကို အသုံးပြုကာ အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဒေသခံများနှင့် အဆက်အသွယ်ရှိသူတစ်ဦးက “အဆက်အသွယ်ရသလောက်တော့ ညနေထိ ဗုံးခိုကျင်းထဲကမထွက်ရဲဘူး။ နာရီနဲ့ချီပြီး ကြာအောင် လေယာဉ်တွေ အုပ်ဖွဲ့ပြီးကို ကြဲနေတာ” ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ငပလီကို ဧပြီ ၂၃ ရက် က လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ခြင်းဖြစ်ပြီး ၂၄ ရက်နေ့တွင် ငပလီလမ်းဆုံနှင့် ဇီးဖြူကုန်းကျေးရွာများအား စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်မှု ပြင်းထန်လာခြင်းဖြစ်သည်။

‎ရခိုင်ဒေသတွင် စစ်တပ်က နယ်မြေဆုံးရှုံးထားရသည့်နေရာများကို ယခုရက်ပိုင်းအတွင်း လေယာဉ်အုပ်လိုက်အသုံးပြု၍ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လာသည့် ပုံစံမျိုးကို တွေ့မြင်နေရသည်။

ထို့အပြင် ပင်လယ်ပြင်ဘက်တွင်လည်း စစ်တပ်၏ စစ်သင်္ဘောများက ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်များဘက်သို့ ကမ်းတက်စစ်ဆင်ရေးပုံစံဖြင့် ကမ်းအနီးထိ ကပ်လာမှုများရှိသည်။

‎ယခင်ကထက် ပိုမိုပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများကို အုပ်စုလိုက် အသုံးပြုလာခြင်းသည် ဒေသခံပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်‌နေပြီး နယ်မြေဆုံးရှုံးထားသည့် ဒေသများကို ပြန်လည်ထိန်းချုပ်ရန်နှင့် ဖျက်ဆီးရန်အတွက် လေကြောင်းစွမ်းအားကို အစွမ်းကုန်အသုံးပြုလာခြင်းဖြစ်သည်။