နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

ရွေးတုအစိုးရ၏ သမ္မတအဖြစ် အမည်ခံထားသော ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် ခုခံ တော်လှန်ရေးအဖွဲ့များကို စစ်ရေးအရ မနိုင်တော့သဖြင့် သွေးခွဲဖိတ်ခေါ်မှုများ ပြုလုပ်နေပြီး တစ်ဖက်တွင်လည်း ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် မြို့နယ် ၆၀ ကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် စစ်အုပ်ချုပ်ရေး (အရေးပေါ်အမိန့်) များ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း CDM အရာရှိများ၏ အဆိုအရ သိရသည်။

ရွေးတုသမ္မတသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိရန်အတွက် “ရက် ၁၀၀ စီမံချက်” သတ်မှတ်ကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EROs) များကို နာမည်တပ်၍ ငြိမ်းချမ်းရေး ဖိတ်ခေါ် နေသော်လည်း ယမန်နေ့ ဧပြီ ၂၃ ရက်တွင်မူ စစ်ရှုံးနေသည့် ဒေသများမှ မြို့နယ်ပေါင်း ၆၀ ကို ရက်ပေါင်း ၉၀ တိတိ အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေးအာဏာကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

“တစ်ဖက်မှာ သွေးခွဲပြီးတော့ နိုင်ငံတကာ အမြင်ကောင်းအောင် ငြိမ်းချမ်းရေး ဘာညာတွေ လျှောက်ပြော နေတာ။ ခေတ်အဆက်ဆက်လည်း စစ်တပ်က စစ်ရေးနဲ့ မဖြေရှင်းနိုင်ရင် သွေးခွဲတဲ့နည်းနဲ့ ဗိုလ်လုပ် လာတာပဲ။ စစ်ရေးအရတော့ ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လာမယ့် သဘောရှိတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည့် မြို့နယ် ၆၀ သည် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ အတွင်း စစ်အုပ်စုက သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းနှင့် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သည့် စစ်ရှုံး ဒေသများဖြစ်သည်။

ယခင်က မြို့နယ် ၆၃ မြို့ကို ကြေညာခဲ့သော်လည်း ယခုအကြိမ်တွင် တော်လှန်ရေးအဖွဲ့များ အပြည့်အဝ စိုးမိုးထားသည့် ထီးချိုင့်၊ မိုးကုတ်နှင့် စဉ်းကူးမြို့တို့ကို ချန်လှပ်ထားကာ ကျန်မြို့နယ်များကို ရက်သက်တမ်း တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

“စစ်ရေး၊ နိုင်ငံရေးအရ ဒီမြို့နယ်တွေကို ရက် ၁၀၀ အတွင်းမှာ သူတို့ ဘယ်လောက်အထိ ပြန်ယူနိုင်မလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတာ။ သူတို့ မအုပ်ချုပ်ရတဲ့ နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေးပုံစံနဲ့ ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမယ့် အနေအထားရှိတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ် ၆၀ မှာ ကချင် (၅) မြို့နယ်၊ ကရင်နီ (၃) မြို့နယ်၊ ကရင် (၂) မြို့နယ်၊ ချင်း (၇) မြို့နယ်၊ စစ်ကိုင်း (၈) မြို့နယ်၊ မကွေး (၅) မြို့နယ်၊ မန္တလေး (၁) မြို့နယ်၊ ရခိုင် (၁၄) မြို့နယ်နှင့် ရှမ်း (၁၅) မြို့နယ်တို့ ဖြစ်သည်။

ဒေသအလိုက် မြို့နာမည်များမှာမူ ကချင်တွင် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကရင်နီ၌ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊ ကရင်တွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ချင်း၌ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း၊ စစ်ကိုင်းတွင် ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်တို့ဖြစ်သည်။

ယင်းအပြင် မကွေးတွင် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို၊ မန္တလေး၌ ငါန်းဇွန်၊ ရခိုင်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ရှမ်း၌ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားတို့ ပါဝင်သည်။

ရက်ပေါင်း ၉၀ လက်ရှိတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် UWSA၊ NDAA၊ KIA၊ KNU နှင့် NUG လက်အောက်ခံ PDF တပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများ ဖြစ်သည်။

စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် အဆိုပါဒေသအများစုမှာ “၁၀၂၇” စစ်ဆင်ရေး ဖော်ဆောင်သော ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်သည့် MNDAA၊ TNLA၊ AA အပါအဝင် UWSA၊ NDAA၊ KIA၊ KNU နှင့် NUG လက်အောက်ခံ PDF တပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများ ဖြစ်ပြီး ပြန်လည်ရယူလို၍ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ရေး အကဲခတ်များက သုံးသပ်သည်။

ဓာတ်ပုံ-လူမူကွန်ရက်