ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ရွေးတုအစိုးရလက်ထက် ရက် ၁၀၀ စီမံချက်ဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၅၁၀ ကျပ်ဖြင့်ရောင်းနေပြီး ယခုတစ်ပတ် စားအုန်းဆီဈေး မြင့်တက်လာကြောင်း သတင်းရရှိသည်။
ယခုတစ်ပတ် ဧပြီ ၂၄ ရက် မှ ၃၀ ရက်အတွင်း ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား စားအုန်းဆီရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၇,၂၈၅ ကျပ် ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ယနေ့ ထုတ်ပြန်သည်။
ရွေးတုအစိုးရ၏ ၁၀၀ ရက်စီမံချက်ဖြင့် ညောင်တုန်းမြို့ရှိ ပြည်သူများထံစားအုန်းဆီရောင်းချမှုကို စစ်ဆေးပြီး လက်ကားဆီကိုယ်စားလှယ်များသတ်မှတ် စည်းကမ်းအတိုင်းရောင်းချရမည်ဟုဆိုသည်။
လက်ရှိစားအုန်းဆီပြင်ပပေါက်ဈေးတွင် တစ်ပိဿာလျှင် ကျပ် ၁၇,၅၀၀ ဖြစ်ပြီး ထိန်းချုပ်ဈေး ထပ်မံမြင့်တက်လျှင် ပြင်ပဈေနှုန်းမြင့်တက်လာနိုင်ကြောင်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ဆီကပေါပေါများများတော့မရဘူး။ စားအုန်းဆီကို ပိဿာလိုက်ပုံးနဲ့ဝယ်ချင်တာမျိုးဆိုမရဘူး။ တစ်ပိဿာ နှစ်ပိဿာလောက်ပဲရောင်းပေးတယ်။ ဆိုင်တစ်ဆိုင်နဲတစ်ဆိုင်ဈေးမတူဘူး။ တစ်ပိဿာ ၁၇၀၀၀ နဲ့ ၁၉၀၀၀ ကျပ်ကြားရှိတယ်။ ပဲဆီဈေးက တစ်ပိဿာ ၂၄၀၀၀ ကျပ်ဖြစ်နေပြီ” ဟု ၎င်းက ဆက်လက်က ပြောကြားသည်။
စားအုန်းဆီဈေးနှုန်း တည်ငြိမ်စွာ ဖြန့်ဖြူရောင်းချရေးနှင့် ဝယ်ယူရရှိနိုင်ရေးအတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဝယ်ယူသုံးစွဲရာတွင် ပြင်ပသို့ပြန်လည်းရောင်းချခြင်းမပြုရန်၊ ဈေးထပ်တက်မည်စိုးရိမ်၍ သိုလှောင်ခြင်း မပြုရန်လိုအပ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်မှ ၂၃ ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး တစ်ပိဿာလျှင် ၆,၉၈၅ ကျပ် ဖြစ်သည်။
ဓာတ်ပုံ – MOI, UMFCCI