ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ၅၀၀ ကျော် စစ်တပ်ထံ အလင်းဝင်လာကြောင်း ရွေးတုစစ်အစိုးရက ယနေ့ ဧပြီ ၂၄ ရက်တွင် ထပ်မံဝါဒဖြန့် ဖော်ပြလာသည်။

 

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တွင် အလင်းဝင်ရောက်လာသူများကို ကြိုဆိုသည့် အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ပြီး ရွေးတုအစိုးရ၏ စစ်တိုင်းမှူးနှင့် အရာရှိအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

TNLA၊ AA၊ မန္တလေး PDF၊ မိုးကုတ် PDF နှင့် KIA အပါအဝင် အဖွဲ့ပေါင်း ၅၀ ကျော်မှ တော်လှန်ရေးရဲဘော် ၅၁၇ ဦးသည် မတ်လ ၂၀ ရက်မှ ဧပြီ ၂၄ ရက်အတွင်း အလင်းဝင်လာခြင်းဖြစ်ကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်အုပ်စုက ထုတ်ပြန်သည့် အဆိုပါအရေအတွက်မှာ ဖြစ်နိုင်ခြင်းမရှိကြောင်းနှင့် စစ်အုပ်စု၏ လုပ်ကြံဝါဒဖြန့်မှုသာဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

“ဒါက ဝါဒဖြန့်တာပါ။ ၅၀၀ ဆိုတဲ့ အင်အားက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရင်တစ်ခါလည်း ၅၀၀ ကျော်၊ အခုလည်း ၅၀၀ ကျော်ဆိုတော့ ယုတ္တိမရှိဘူး။ အဖမ်းခံရတဲ့ တော်လှန်ရေးရဲဘော် အချို့ရှိနိုင်ပေမဲ့ အခုပြတဲ့အရေအတွက်ရဲ့ ၅ ပုံ ၁ ပုံတောင် ရှိမှာမဟုတ်ပါဘူး” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

 

လက်ရှိတွင် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်း၏ “ရက် ၁၀၀ စီမံကိန်း” အတွင်း PDF များအား အလင်းဝင်ရန် မကြာခဏ စည်းရုံးနှိုးဆော်နေပြီး တော်လှန်ရေးအင်အားစုများအကြား စိတ်ဓာတ် ပျက်ပြား စေရန် ဗျူဟာမြောက် လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း PDF ၅၀၀ ကျော် အလင်းဝင်လာကြောင်း စစ်အုပ်စုက ဝါဒဖြန့်ခဲ့ဖူးသည်။

 

အဆိုပါဖြစ်စဉ်တွင် အလင်းဝင်သူဟုဆိုသူများ ဝတ်ဆင်ထားသည့် ယူနီဖောင်းနှင့် အမှတ်တံဆိပ်များ မှားယွင်းနေခြင်း၊ ယူနီဖောင်းများမှာ အသစ်စက်စက် ဖြစ်နေခြင်းနှင့် အတင်းအဓမ္မ စုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို ရောနှောပြသထားခြင်းတို့ကြောင့် ဝါဒဖြန့်ရန် ကြိုတင်ပြင်ဆင်ထားသည့် ပြပွဲ တစ်ခုသာဖြစ်ကြောင်း သက်သေအထောက်အထားများဖြင့် ပေါ်ပေါက်ခဲ့ဖူးသည်။

 

တော်လှန်ရေးအင်အားစုများကမူ စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုသည် ယခုကဲ့သို့ အတုအယောင်သတင်းများ ထုတ်လွှင့်ခြင်းဖြင့် ထွက်ပေါက်ရှာလာခြင်း ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်