ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ဥရောပသမဂ္ဂ (EU) က ယူကရိန်းနိုင်ငံအတွက် အလွန်များပြားတဲ့ ချေးငွေအစီအစဉ်ကို အတည် ပြုလိုက်ပြီး ဒီအစီအစဉ်ဟာ ရုရှားကို တိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် ဆက်လက်ရှင်သန်နိုင်ဖို့ အရေး ပါတဲ့ ထောက်ပံ့မှုတစ်ခု ဖြစ်လာမှာပါ။
ဒီအကူအညီဟာ ယူရို ၉၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၀၅ ဘီလျံဝန်းကျင်) တန်ဖိုးရှိတာဖြစ်ပြီး ကြာသပတေးနေ့မှာပဲ EU အဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်က ရုရှားက ကျူးကျော်စစ်ကို ဘယ်လောက်ပဲ တိုးမြှင့်လုပ်ဆောင်ပါစေ၊ ဥရောပက ယူကရိန်းကို အစွမ်းကုန် ဆက်ပြီးကူညီသွားမယ်လို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက EU ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ခိုင်မာပြီး အရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီငွေကြေးဟာ ယူကရိန်းစစ်တပ်ကို ပိုတောင့်တင်းလာစေမှာဖြစ်သလို လေကြောင်းရန်ကာကွယ် ရေးနဲ့ ဆောင်းရာသီမှာ အရေးကြီးတဲ့ လျှပ်စစ်စွမ်းအင်စနစ်တွေကို ကာကွယ်တဲ့နေရာမှာ အများကြီး အ ထောက်အကူဖြစ်စေမှာပါလို့ သူက ဆိုပါတယ်။
ဟန်ဂေရီနိုင်ငံဟာ ယူကရိန်းကိုပေးမယ့် ဒီချေးငွေကို ဖေဖော်ဝါရီလကတည်းက ပိတ်ပင်ခဲ့တာပါ။ အဓိကပြဿနာကတော့ ရုရှားဆီကနေ ဟန်ဂေရီကို ရေနံပို့ပေးနေတဲ့ ယူကရိန်းဖြတ်ကျော် ရေနံပိုက် လိုင်းကိစ္စကြောင့်ဖြစ်ပြီး အဆိုပါပိုက်လိုင်းဟာ ဇန်နဝါရီလတုန်းက ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီး သွားခဲ့လို့ ဖြစ်ပါတယ်။
ရာထူးကနေ နုတ်ထွက်တော့မယ့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ရေနံစီးဆင်းမှု ရပ် တန့်သွားတာဟာ ယူကရိန်းကြောင့်ဆိုပြီး အပြစ်တင်ခဲ့သလို EU ရဲ့ ချေးငွေအစီအစဉ်ကို ဗီတိုအာဏာနဲ့ ပိတ်ထားခဲ့တာပါ။
ဒီလထဲမှာလုပ်တဲ့ ရွေးကောက်ပွဲမှာ အော်ဘန်နဲ့ သူ့ရဲ့အာဏာရပါတီဟာ ရှုံးနိမ့်သွားပြီးနောက်မှာ ရေနံတွေ ပြန်ပို့ပေးမယ်ဆိုရင် ချေးငွေကိစ္စကို အတည်ပြုပေးမယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြန်ပြော လာခဲ့တာပါ။
သမ္မတ ဇီလန်စကီးက ပိုက်လိုင်းကို ပြန်ပြင်ပြီးသွားပြီဖြစ်လို့ ရေနံတွေ ပြန်ပို့ပေးတော့မယ်လို့ အင်္ဂါနေ့မှာ ပြောလိုက်တာကြောင့် ယူကရိန်းအတွက် အကူအညီတွေ ရဖို့ လမ်းပွင့်သွားပြီလို့ ဆိုရမှာပါ။
ကိုးကား – NHK
Ref; EU approves $105 bil. package for Ukraine