နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်

၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှပေါ်ထွက်လာသော ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ဖွဲ့စည်း လိုက်သည့် အရပ်သားအမည်ခံရွေးတုအစိုးရ၏ ပထမဆုံးခြေလှမ်းဖြစ်သော “ရက် ၁၀၀ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု” သည် စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးခြင်းဖြစ်ပြီး ၎င်းတို့၏ အာဏာတည်မြဲရန် ပုံဖော်ခြင်းသာဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များထံမှ သိရသည်။

ရွေးတုအစိုးရ၏ ပထမဆုံးအကြိမ် အစည်းအဝေးတွင် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက်ပေါင်း ၁၀၀ သတ်မှတ်ကာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) ကို ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုမူ လက်နက်ချ အညံ့ခံရန် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဆိုတဲ့ ပုံစံမျိုးပါ။ အဓိကကတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရအောင် လုပ်ပြတာဖြစ်ပြီး ခေတ်အဆက်ဆက်မှာလည်း စစ်တပ်က ဒီလို အတုအယောင် ငြိမ်းချမ်းရေး ကိုပဲ လုပ်လာခဲ့တာ” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုသမ္မတသည် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုး သားတပ်ဦး (CNF) တို့ကို အမည်တပ်၍ ဖိတ်ခေါ်ထားသော်လည်း မြေပြင်တွင်မူ လေကြောင်း ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိကြောင်း သိရသည်။

“တစ်ဖက်က စစ်ရေး၊ နိုင်ငံရေး ဖိအားပေးမယ်၊ တစ်ဖက်က ငြိမ်းချမ်းရေးလမ်းကြောင်း ဖွင့်ထား မယ်ဆိုတာမျိုးပါ။ ညီနောင်သုံးဖွဲ့ (MNDAA, TNLA, AA) ကြားမှာလည်း စုစည်းမှု ဝေဝါးအောင် တရုတ်ရဲ့ ဖိအားကို အသုံးချပြီး လုပ်နေတာမျိုး တွေ့ရတယ်” ဟု နိုင်ငံရေး အကဲခတ် ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ရွေးတုစစ်အစိုးရသည် အဖွဲ့အစည်းတစ်ခုချင်းစီကို အပစ်ရပ်လာအောင် စစ်ရေးနှင့် နိုင်ငံရေးကို အချိတ် အဆက်မိမိ ဖိအားပေး အသုံးချနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ERO တွေကို ‌ငြိမ်းချမ်းရေး ခေါ်တယ်။ ဒါပေမယ့် PDF တွေကိုကျတော့ အလင်းဝင်ဖို့၊ လက်နက်ချဖို့ ပြောတယ်။ ဒါဟာ PDF အပါအဝင် တော်လှန်ရေးအဖွဲ့တွေကို စော်ကားတာပဲ။ ပြီးတော့ PDF တွေကို ‌ဦးတည်ရန်သူအဖြစ် တိုက်ခိုက်လာနိုင်တဲ့ အနေအထားရှိတယ်” ဟု လုပ်သက်ရင့် CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ခေါင်းဆောင်နည်းတူ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) တို့၏ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေမှုသည် ၎င်းတို့အာဏာ တည်မြဲရေးအတွက်သာ ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ EROs၊ PDF များကလည်း လက်မခံဘဲ ပယ်ချငြင်းဆိုထားကြောင်း သိရသည်။

“NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေကတော့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ ရသည်အထိ ဆက်လျှောက်သွားဖို့ပဲ ရှိပါတယ်။ ဒါကိုလည်း အတိအလင်း ကြေညာထားပြီးဖြစ်တယ်။ PDF အနေနဲ့ လည်း NUG နဲ့ တသားတည်း ရှိနေပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။