ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ရက် ၁၀၀ စီမံကိန်းဖြင့် ငြိမ်းချမ်းရေးပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ရွေးတုသမ္မတက တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ပေါင်း၆၀ကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာလိုက်သည်။
၂၀၀၈ ခြေဥပါ ပုဒ်မ ၄၁၃ (ခ) အရ စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံအပ်နှင်းသည်ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်အမိန့်ဖြင့် ယနေ့ ဧပြီ ၂၃ရက်တွင် ထုတ်ပြန်သည်။
စစ်ရေးမငြိမ်သက်သည့် မြို့နယ်များနှင့် စစ်တပ်ကအုပ်ချုပ်ရေးကို လုံးဝလက်လွှတ်လိုက်ရသည့် မြို့နယ်များအပါအဝင် တိုင်းနှင့်ပြည်နယ်ကိုးခုမှ မြို့နယ်ပေါင်း ၆၀ ကိုအရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်း ဖြစ်သည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ရှမ်းတို့မှ မြို့နယ် ၆၀အထိ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီး ရခိုင်ပြည်နယ်မှ AAထိန်းချုပ်နယ်မြေ ၁၄ခုလုံးပါဝင်လာသည်။
ထို့အပြင် အပစ်ရပ်သဘောတူညီမှုရယူပြီး နယ်မြေခွဲဝေထားသည့် MNDAAနှင့် TNLAအုပ်ချုပ်ဒေသများနှင့် ဝနယ်မြေတွေပါ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထည့်သွင်းလာခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်ချုပ်ရေးပါဝင်သည့် ရှစ်မြို့နယ်မှာလည်း တိုက်လေယာဉ်အုပ်စုလိုက် သုံး၍ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည့်မြို့နယ်များဖြစ်နေပြီး လတ်တလော စစ်ကြောင်းထိုးရန် အင်အားအလုံးအရင်းသုံးလာသည့် အင်းတော်မြို့လည်း ပါဝင်သည်။
ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့်အစိုးရကို အာဏာလွှဲပေးပြီး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုပြီး စစ်ခေါင်းဆောင်အဖြစ်မှ သမ္မတရာထူးယူကာ စစ်ဘက်မှ လက်အောက်ခံတပည့်တပန်းများကို ရာထူးအဆင့်ဆင့်ပေးပြီး ရွေးတုအစိုးရသစ်ဖွဲ့ပြီးနောက် နယ်မြေမစိုးမိုးနိုင်သည့်ဒေသများကို ယခုကဲ့သို့ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာလာခြင်းဖြစ်သည်။