ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၈၀,၀၀၀ ကျော် ရေရှည်ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေး အတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၁၅ သန်း (ထိုင်းဘတ်ငွေ ၅၆၇ သန်းခန့်) ထောက်ပံ့မည့် အစီအစဉ်သစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
“ထိုင်းနိုင်ငံရှိ ဒုက္ခသည်များ ကိုယ်ထူကိုယ်ထရပ်တည်နိုင်ရေးနှင့် လူမှုဘဝပေါင်းစည်းရေး အထောက် အကူပြုစီမံကိန်း (Supporting Thailand’s Transition to Self-Reliance & Inclusion)” ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းသည် မြန်မာဒုက္ခသည်များအနေဖြင့် အကူအညီကိုသာ အမြဲ အားကိုးနေရခြင်းမျိုး မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ ရပ်တည်လာနိုင်ရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း တရားဝင် ပါဝင်ခွင့်ရရှိလာစေရေးတို့အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

အဆိုပါ အကူအညီပေးရေး သဘောတူညီချက်ကို ထိုင်းနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Luisa Ragher နှင့်အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) နှင့် Expertise France တို့မှ ကိုယ်စားလှယ်များက ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အကူအညီပေးမည့်အစီအစဉ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကလေးသူငယ်ကာကွယ်ရေး မြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ကျယ်ပြန့်စွာရရှိရေးကို ထိုင်းအာဏာပိုင်များနှင့် လူသားချင်းစာနာထောင်ထားမှုအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေးတို့ ပါဝင်ကြောင်း သိရသည်။
အီးယူအနေဖြင့် အဆိုပါစီမံကိန်းအတွက် ရန်ပုံငွေကို ယခင်က ယူရို ၁၂ သန်း သတ်မှတ်ထားရာမှ ယခုအခါ ယူရို ၁၅ သန်းအထိ တိုးမြှင့်လိုက်ခြင်း ဖြစ်ပြီး ၎င်းမှာ ထိုင်းနိုင်ငံ၏ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထရပ်တည်နိုင်စေရေး ဆောင်ရွက်ပေးနေသည့် မူဝါဒအပြောင်းအလဲနှင့် အချိန်ကိုက် ဖြစ်နေကြောင်းလည်း ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အကူအညီများကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချာန ဘူရီနှင့် ရတ်ချာဘူရီ ခရိုင် လေး ခုရှိ ဒုက္ခသည်စခန်း (၉) ခုမှ ဒုက္ခသည်များအပြင် တာ့ခ်ခရိုင်အတွင်းရှိ စခန်းပြင်ပတွင် နေထိုင်နေရသည့် ရွှေ့ပြောင်းနေထိုင်သူများကိုပါ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – Khaosod English
Ref; EU LAUNCHES €15M PROGRAMME TO SUPPORT MYANMAR DISPLACED PERSONS