ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ပြည်သူ့စစ်မှုထမ်းအတွက်ဟုဆိုကာ တစ်အိမ်လျှင် လစဉ် ကျပ်နှစ်သောင်းခွဲမှ ကျပ်သုံးသောင်းအထိ အဓမ္မကောက်ခံနေသဖြင့် ဒေသခံရွာသားများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။
မြန်အောင်မြို့နယ်၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ နေအိမ်များကို အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများမှ လစဉ်ငွေကြေးများ လိုက်လံကောက်ခံနေခြင်းဖြစ်သည်။
“အိမ်တိုင်းကို ပေးခိုင်းတာပါ။ တစ်လကို နှစ်သောင်းခွဲ၊ သုံးသောင်းလောက် ပေးနေရတော့ ရွာသားတွေမှာလည်း ပိုက်ဆံက မရှိကြတော့ဘူး။ အားလုံးက စားဖို့တောင်ခက်ခဲနေတာ၊ တော်တော်လေးကို စိတ်ပျက်နေကြပါပြီ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ကောက်ခံရရှိသော ငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် မြို့နယ်အဆင့်သို့ ပေးဆောင်ရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုကြောင်း ဒေသခံများကပြောသည်။
ပြည်သူ့စစ်မှုထမ်းကြေးအကြောင်းပြကာ ငွေကြေးကောက်ခံမှုများကြောင့် လက်လုပ်လက်စားများနှင့် ကျေးလက်ဒေသခံအများစုမှာ လစဉ်အခက်အခဲများရှိနေပြီး ယခုကဲ့သို့ အဆမတန် ကောက်ခံရရှိသည့် ငွေကြေးများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးချနေခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး အများစုသည် စစ်မှုထမ်းဥပဒေကို အသုံး ချကာ ပြည်သူများထံမှ ငွေကြေးအဆမတန် တောင်းယူပြီး ချမ်းသာကြွယ်ဝလာကြကြောင်း သိရသည်။
ဓာတ်ပုံ-အမှတ်စဉ် ၂၁ စစ်မှုထမ်းများ