‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၃ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများကို ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှပေါ်ပေါက်လာသော ရွေးတုအစိုးရ စစ်တပ် က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကျူးလွန်နေကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ပန်းတောကြီးနှင့် ရှမ်းကွင်းကျေးရွာ အနီးတစ်ဝိုက်ကို ပြီးခဲ့သည့် ဧပြီ ၁၉ ရက် ညပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သင်္ကြန်ကာလကတည်းက တိုက်ပွဲတွေ ပြန်ပြင်းထန်နေတာ။ စစ်တပ်က အင်အားတွေ အများကြီး စုလာပြီး စစ်ကြောင်းထိုးရင်း တိုက်ပွဲတွေ ဖြစ်နေကြတာ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ရွေးတုစစ်တပ် သည် ၎င်းတို့၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းထားသည့် တပ်သားသစ် များကို အဓိကအသုံးပြုကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းများနှင့် ကျုံပျော်အခြေစိုက် ခလရ-၃၆ မှ တပ်ဖွဲ့ဝင်များကို စုစည်းကာ လေးမျက်နှာနှင့် ရေကြည်မြို့နယ်များသို့ စစ်ကူများ ဆက်တိုက် ပို့ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ကွင်းကောက်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကိုလည်း သင်တန်းကျောင်းအဖြစ်မှ အဓိကခံစစ်စခန်းအဖြစ် ပြောင်းလဲပြင်ဆင်ထားပြီး အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်။

နယ်မြေချင်း ဆက်စပ်နေသည့် လေးမျက်နှာ၊ ရေကြည်နှင့် အင်္ဂပူမြို့နယ်များကို နယ်မြေစိုးမိုးမှု ပြန်လည်ရယူရန် စစ်တပ်က ကြိုးပမ်းနေခြင်းဖြစ်ပြီး ရေကြည်အမြောက်တပ် (အမတ-၃၄၄) မှတစ်ဆင့် နဂါးရစ်တောင် ကြောနှင့် သီတာကုန်းပြင်ဒေသများသို့ စစ်ကြောင်းများ ဖြန့်ကျက်ထားသဖြင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk