ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၃ ရက်
‎‎

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်တပ်တပ်စွဲထားသည့်နေရာများကို KIAက ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးသူများပြားခဲ့ကြောင်း သိရသည်။
‎‎

မရှီကထောင်ဆုတောင်းကုန်းနှင့် လုံးခင်း ဂေါက်ကွင်းတို့ရှိ စစ်တပ် တပ်ဖွဲ့ဝင်များရှိရာကို ယနေ့ ဧပြီ ၂၃ရက်၊ နေ့လယ် ၁နာရီ ၄၅မိနစ်အချိန်မှစ၍ KIAက ဒရုန်းဗုံးများဖြင့်ကြဲချတိုက်ခိုက်သည့်အတွက် စစ်တပ်ဘက်မှ ၁၀ဦးခန့် သေဆုံးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
‎‎

“မရှီကထောင်ဘက်မှာ နေ့လယ်လောက်က ဒရုန်းတွေဝဲတာရှိတယ်။ မကြာဘူး ပေါက်ကွဲသံတွေကြားရတယ်။ စစ်တပ် တပ်စွဲထားတဲ့နေရာတွေပေါက်ကွဲတယ် ပြောတယ်” ဟု ဖားကန့်ဒေသခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎‎

လုံးခင်း ကျေးရွာအုပ်စုအတွင်းကို စစ်တပ်နှင့် ပြည်သူ့စစ်အင်အား ၅၀၀ခန့်ရောက်ရှိနေပြီး အထပ်မြင့်အဆောက်အဦးများတွင်နေရာယူထားပြီး ယနေ့နံနက်ပိုင်းကလည်း လုံးခင်း ဆေးရုံဟောင်းအတွင်း လက်နက်ကြီးပေါက်ကွဲသံကြားရပြီးနောက် ဒေသခံများ ဈေးဆိုင်များပိတ်ကာ လမ်းမပေါ်တွင် လူအသွားအလာမရှိတော့ကြောင်း သိရသည်။
‎‎

ဖားကန့်မြို့နယ်အတွင်းကို ပြည့်သူ့စစ် သုံးဖွဲ့နှင့် စစ်တပ်မှ အင်အားများစုပေါင်းကာ ဝင်ရောက်နေပြီး ဖားကန့်၊ ကာမိုင်းလမ်းဘက်မှပါ အင်အား ၃၀၀ ခန့်ဝင်ရောက်လာမည်ဖြစ်သည့်အတွက် KIA က လမ်းပိုင်းကို ယာယီပိတ်ထားသည်။
‎‎

ပြီးခဲ့သည့် ဧပြီ ၂ရက်မှစတင်ခဲ့သည့်တိုက်ပွဲအတွင်း စစ်တပ်ကာကင်းအချို့ကို KIA ကသိမ်းယူခဲ့သလို ဆုတောင်းကုန်းနှင့် ဥရုရတနာတံတားတဝိုက်ကိုလည်း စစ်တပ်က နေရာယူ‌ထားကြောင်း သိရသည်။

‎‎
ထို့အပြင် လုံးခင်းကျေးရွာအတွင်း ဝင်ရောက်နေသည့် စစ်တပ်က ပြည်သူများကို ဖမ်းဆီးထားပြီး ပုဂ္ဂလိကဆေးရုံမှ ဆရာဝန်နှင့်ဝန်ထမ်းများကိုလည်း အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ထားသည်။