ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသရှိ မြို့နယ်များတွင် နွေရာသီအပူချိန်များ သိသိသာသာ မြင့်တက် နေပြီး မကွေးတိုင်း၊ ချောက်မြို့၌ အပူချိန် ၄၄.၁ ဒီဂရီဆဲလ်စီးယပ်အထိ ရှိလာကြောင်း ရွေးတုအစိုးရ လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ယနေ့ ဧပြီ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့က တိုင်းတာရရှိခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၄.၁ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၄.၀ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၄၃.၁ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်၊ ကလေးဝမြို့၊ မုံရွာမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၄၂.၄ ဒီဂရီဆဲလ်စီးယပ်စီ၊ တံတားဦး(လေကြောင်းမိုးလေဝသ)တွင် ၄၂.၃ ဒီဂရီဆဲလ်စီးယပ်နှင့် မကွေးမြို့နှင့် မင်းကင်းမြို့တို့တွင် ၄၂.၂ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီမှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ ပိုမိုမြင့်တက်နိုင်ကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင်လည်း ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ် ခန့် ပိုမိုနိုင်သည်ဟု မိုး/ဇလက ဆိုသည်။
ကချင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အပါအဝင် ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီ တိုင်းတို့တွင်မူ ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနေကြောင်း သိရသည်။
အပူရှိန်ပြင်းထန်နေသည့်အတွက် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ် (Heatstroke) ကို ဂရုပြုရန်နှင့် ရေဓာတ်မခမ်းခြောက်အောင် နေထိုင်ကြရန် ကျန်းမာရေးပညာရှင်များက တိုက်တွန်း ထားပြီး အထူးသဖြင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည့် ပြည်သူများမှာ အပူဒဏ်ကို ပိုမိုခံစား နေရသဖြင့် အကူအညီများ ပိုမိုလိုအပ်လျက်ရှိသည်။
ဓာတ်ပုံ – မိုး/ဇလ