ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ရက်
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် မြို့နယ်အများစုကို လက်လွှတ် လိုက်ရပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့ကြီး သုံးမြို့ကိုသာ အသည်းအသန် ထိန်းချုပ်ထားသော်လည်း ရွေးတုအစိုးရ က အဆိုပါမြို့များသို့ လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲရန် စီစဉ်လာခြင်း ဖြစ်သည်။
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများကို သွားလာမှု အဆင်ပြေစေရန်ဟု အကြောင်းပြကာ ခရီးစဉ်များကို ပြန်လည် စတင်ခြင်း ဖြစ်သည်။
ရန်ကုန်-ကျောက်ဖြူ-မာန်အောင် လမ်းကြောင်းကို လာမည့် ဧပြီလ ၂၄ ရက်မှစတင်၍ တစ်ပတ်လျှင် ၃ ရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) ပြေးဆွဲပေးသွားမည် ဖြစ်သည်။

ရွေးတုအစိုးရသည် လေယာဉ်ဆီ ပြတ်လပ်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၂၀ ရက်မှစတင်ကာ ပြည်တွင်း လေကြောင်းခရီးစဉ် အတော်များများကို ဖျက်သိမ်းခဲ့ရသည်။ ယခုအခါတွင် စစ်ရေးအရ အချက် အချာကျပြီး စစ်တပ်လက်ကျန်ခြေကုပ်စခန်းများရှိရာ ကျောက်ဖြူနှင့် မာန်အောင်သို့ ခရီးစဉ်များကို ပြေးဆွဲရန်ပြန်လည်စတင်ခြင်းမှာ ၎င်းတို့၏ အရာရှိကြီးများနှင့် မိသားစုဝင်များ သွားလာရေးအတွက် ဦးစားပေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ရွေးတုအစိုးရ သည် လေယာဉ်စီးခရီးသည်များကို စစ်ဆေးရာတွင် ၎င်းတို့၏ “ပြေး ၄ ပြေး” စာရင်းဝင် တော်လှန်ရေးအင်အားစုများ မပါရှိစေရေးအတွက် မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးရန် လေကြောင်းလိုင်းများကို တင်းကျပ်စွာ ညွှန်ကြားထားသည်။
အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်နယ်ရှိ လမ်းများကို အလုံးစုံ ပိတ်ဆို့ထားသဖြင့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ စစ်တပ်အနေဖြင့် လေကြောင်းတစ်ခုတည်းကိုသာ အားကိုး၍ အုပ်ချုပ်ရေးနှင့် ရိက္ခာပို့ဆောင်ရေးအတွက် ကြိုးပမ်းလာခြင်းဖြစ်သည်။
လက်ရှိတွင် ရွေးတုအစိုးရသည် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များကိုသာ လေကြောင်းနှင့် ရေကြောင်းပစ်ကူများ အသုံးပြု၍ အသည်းအသန် ခုခံနေရသည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။