ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ ကနေဒါနိုင်ငံက ဆက်လက်အသိအမှတ်ပြုကြောင်း တရားဝင် ထုတ်ပြန်သည်။
ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြည်သူလူထုရွေးကောက်ခံ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း ဖော်ပြထားပြီး ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံတော် အကြီးအကဲများအဖြစ် ဆက်လက် အတည်ပြုထားခြင်း ဖြစ်သည်။

ကနေဒါအစိုးရအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်း ထားသည်။
ထို့ပြင် ရွေးတုအစိုးရ အနေဖြင့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် မြန်မာပြည်သူ များ လို လားသည့် ငြိမ်းချမ်းသော အဖြေတစ်ခုရရှိစေရေးအတွက် အနှစ်သာရရှိသော ဆွေးနွေးပွဲများ ဖော်ဆောင်ရန် တိုက်တွန်းထားသည်။
လက်ရှိတွင် ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ ဆက်လက်အတည်ပြုထားဆဲ ဖြစ်သည်။ အလားတူ နိုင်ငံတကာပါလီ မန်များအဖွဲ့ (IPU) ကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ မြန်မာနိုင်ငံ၏ တရားဝင်လွှတ်တော်အဖြစ် အသိအမှတ်ပြုထားသည်။

အမေရိကန်သံရုံး၊ ဩစတြေးလျသံရုံးနှင့် ဥရောပသမဂ္ဂ (EU) တို့၏ မကြာသေးမီက ထုတ်ပြန်ချက် များတွင်လည်း မြန်မာနိုင်ငံ၏ အကြီးအကဲများအဖြစ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ ရည်ညွှန်းသုံးနှုန်းထားကြသည်။
ပြည်သူလူထုရွေးကောက်တင်မြှောက်ထားသည့် သမ္မတဦးဝင်းမြင့်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် တောင်ငူထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ကနေဒါအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ၏ အစိုးရကို အသိအမှတ်မပြုဘဲ ရွေးကောက်ခံခေါင်းဆောင်များကိုသာ ဆက်လက်အသိအမှတ်ပြုနေခြင်းမှာ စစ်အုပ်စုအတွက် နိုင်ငံတကာဆက်ဆံရေးတွင် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင် ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်