ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် နရာသီဝပ်အမတ်အား လုပ်ကြံမှုတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး သေနတ်သမားအဖြစ် စွပ်စွဲခံထားရသူတစ်ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ဒီမို ကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ဖမ်းဆီးရမိ ခဲ့ကြောင်း ထိုင်းမီဒီယာများထံမှ သိရသည်။
ထိုင်းလူမျိုး ရေတပ်အရာရှိဟောင်း ဝိရုတ် (Wirote) သည် ပြီးခဲ့သည့် မတ် ၂၀ ရက်နေ့က နရာသီ ဝပ်လွှတ် တော်အမတ် ကမွန်ဆတ် လီ၀မို့ (Kamonsak Leewamoh) ၏ နေအိမ်အား ဝင်ရောက် တိုက်ခိုက်သည့် လုပ်ကြံမှုတွင် ပါဝင်သည့် ငါးဦးမြောက် တရားခံဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ထိုင်းလွှတ်တော်အမတ်မှာ ထိခိုက်မှုမရှိသော်လည်း ၎င်း၏ ယာဉ်မောင်းနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တရားခံဖြစ်သူအရာရှိဟောင်းဝိရုတ်ကို လုပ်ကြံမှုဖြစ်ပွားသည့်နေရာမှ ကီလိုမီတာ ၁၀၀၀ ကျော် ဝေးသည့် မြန်မာနိုင်ငံဘက်ခြမ်းတွင် DKBA အဖွဲ့က ရှာဖွေတွေ့ရှိခဲ့၍ ဖမ်းဆီးခဲ့ပြီး ထိုင်းအာဏာပိုင် များထံသတင်းပေးပို့ကာ ယမန်နေ့ ဧပြီ ၂၂ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ အဆိုပါလွှတ်တော်အမတ်အား လုပ်ကြံမှုတွင် ပါဝင်သူ ငါး ဦးကိုဖမ်းဆီးထားနိုင်ပြီး ရေတပ်အရာရှိဟောင်းအားလည်း အသေးစိတ်စစ်ဆေးမေးမြန်းနိုင်ရန် ဘန်ကောက်မြို့သို့ ပို့ဆောင် ထားပြီ ဖြစ်ကြောင်း သိရသည်။
လွှတ်တော်အမတ် ကမွန်ဆတ် သည် ထိုင်းတောင်ပိုင်း ဆူပူအုံကြွမှုများကို ဖြေရှင်းပေးသည့်ဖြစ်စဉ်များ ၊ ထိုင်းတောင်ပိုင်းအာဏာပိုင်များ၏ မမျှမတဆက်ဆံမှုကို ခံရသည့် ဒေသခံများဘက်မှ ရပ်တည် ပေးခဲ့သည့် ဖြစ်စဉ်များဖြင့် လူသိများထင်ရှားသူတစ်ဦးလည်းဖြစ်သည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးသူများအနေဖြင့် ယခုလုပ်ကြံတိုက်ခိုက်မှု၏ နောက်ကွယ်မှ စေခိုင်းသူများနှင့် အခြားဆက်စပ်သူများကို ဆက်လက်ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။
ကိုးကား – Bangkok Post
Ref; Final suspect in attack on southern MP arrested