နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့ ချမှတ်ထားသော ဘုံသဘောတူညီမှု ငါးချက်အား အတတ်နိုင်ဆုံး လုပ်ဆောင်နေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဟုတ်မမှန် ပြောဆိုလာသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးတုလွှတ်တော်မှတဆင့် စစ်အစိုးရအဖွဲ့ ဖြစ်ပေါ်လာပြီးနောက် ၎င်းဦးဆောင် လူယုံတော်များဖြင့် ပြန်လည်ဖွဲ့စည်းထားသော ကာ/လုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) အစည်းအဝေးကို ဧပြီ ၂၁ ရက်က နေပြည်တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်ရာ ထိုသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မိမိတို့အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ပါ အချက်တွေမှာ ပါဝင်တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ အခြားအချက်တွေကို အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။ အာဆီယံအတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မိမိတို့အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
ထို့အပြင် လူမှုကွန်ရက်တွက် ဖော်ပြထားသည့် မှားယွင်းသော သတင်းအချက်အလက်များကို အခြေခံ၍ ၎င်းတို့အပေါ် ဖိအားပေး လုပ်ဆောင်နေခြင်းများရှိပြီး အချို့အာဆီယံအဖွဲ့ဝင် နိုင်ငံများမှာ ပြင်ဆင်လိုကြသည်များရှိကာ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
သို့သော် လက်တွေ့တွင် အာဏာသိမ်းကာလ ငါး နှစ်ကျော်ကြာလာ၍ ရွေးတုစစ်အစိုးရ ဖွဲ့လိုက်ချိန်အထိ နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများမှာ လျော့ကျသွားခြင်း မရှိဘဲ ပိုမိုတိုးမြှင် လုပ်ဆောင်လာသလို မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမျိုးတုံးနှင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကိုလည်း စစ်အုပ်စုက ကျူးလွန်လျက်ရှိကြောင်း သိရသည်။
“သူရဲ့ အကောင်းဆုံးဆိုတဲ့ ပြောစကားကိုက အဲ့ဒီအချက် ငါး ချက်ကို ဘာတစ်ခုမှ လုပ်ရသေးဘူးလို့ သူပြောနေတာလို့ပဲ နားလည်ပါတယ်။ သူအလိုချင်ဆုံးက နိုင်ငံတကာရဲ့အကူအညီပါဘဲ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် အာဏာသိမ်းပြီးနောက် ၎င်းနောက်ဆုံး တက်ရောက်ခွင့် ရရှိသော ၂၀၂၁ ခုနှစ်၊ ဧပြီအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစတင်ကာ စစ်အုပ်စုဘက်က ထိရောက်စွာ ဖော်ဆောင်မှုမျိုး မရှိသေးပေ။
အဆိုပါအာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့် အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြရန်တို့ ပါဝင်သော်လည်း စစ်ခေါင်းဆောင်သည် ထင်ရာစိုင်းလျက်ရှိသည်။
ထို့အပြင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များ ကြားဝင်ညှိနှိုင်းပေးရန်၊ အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနမှတဆင့် မြန်မာနိုင်ငံကို အကူအညီများပေးရန်၊ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရေး အာဆီယံ အထူးကိုယ်စားလှယ်နှင့် အဖွဲ့အား မြန်မာနိုင်ငံသို့ စေလွှတ်ရန်တို့ဖြစ်သည်။
“သူတို့ရဲ့ အတုအယောင် ဖွဲ့စည်းမှုတွေနဲ့ အာဆီယံကို လိမ်ညာပြီး အသိအမှတ်ပြုရဖို့ ရဖွယ်မရှိနိုင်ဘူးလို့ ပြောချင်တယ်။ အာဆီယံ ဘုံငါးရပ်မှာပါတဲ့ အကြောင်းအရာတွေကိုတောင် ငါး နှစ်တာကြာပေမယ့် ဘာမှမယ်မယ်ရရ လိုက်နာ၊ ဆောင်ရွက်ခဲ့တာ မရှိပါဘူး” ဟု အာဆီယံအရေး နားလည်ကျွမ်းကျင်သူ ဦးဝင်းမင်းက ဧရာဝတီတိုင်းမ်ကို ထောက်ပြသည်။
အာဆီယံအနေဖြင့်လည်း စစ်ကော်မရှင်မှ အရောင်ပြဖွဲ့စည်းလာသည့် ရွေးတုအစိုးရကို အသိအမှတ်မပြုရန် လက်ရှိနောက်ဆုံး အစည်းအဝေး၌ ဆုံးဖြတ်ချက် ချမှတ်ထားသဖြင့် အာဆီယံအား လိမ်ညာ၍ အသိအမှတ်ပြုရရန် ကြိုးစားမှုသည် အလုပ်ဖြစ်မည် မဟုတ်ဘဲ အမှန်တကယ် အာဆီယံ၏ သဘောထားများကို လိုက်နာရေး ဆန္ဒရှိရန်လိုကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ပြည်သူများကို နေ့စဉ်ဗုံးကြဲ သတ်ဖြတ်နေမှုများ ချက်ချင်းရပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ လူသားချင်းစာနာ ထောက်ထားရေး လုပ်ငန်းစဉ်များ လွတ်လုပ်စွာ လုပ်ခွင့်ပြုရန်၊ အာဆီယံနှင့် မြန်မာ့ဖက်ဒရယ်ဒီမိုကရေ အင်အားစုများ ရေးဆွဲထားသော နိုင်ငံရေးလုပ်ငန်စဉ်များအား လိုက်နာရန် တောင်းဆိုမှုများရှိနေသည်။
ဓာတ်ပုံ-MOI