ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်နှစ်စင်း မတော်တဆ တိုက်မိခဲ့တဲ့ကိစ္စကို စုံစမ်းစစ် ဆေးတဲ့အခါ လေယာဉ်မှူးတွေဟာ လေယာဉ်မတိုက်မိခင်လေးတင် ဆဲလ်ဖီရိုက်တာတွေ၊ ဗီဒီယိုရိုက်တာ တွေ လုပ်နေခဲ့ကြတယ်ဆိုတာကို စုံစမ်းစစ်ဆေးရေးမှူးတွေက တွေ့ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ဖြစ်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားလေတပ်မှ F-15K တိုက်လေယာဉ်နှစ်စင်းဟာ လေ့ကျင့်ရေးဆင်းနေတုန်း တစ်စင်းနဲ့တစ်စင်း တိုက်မိခဲ့ကြတာပါ။
လေယာဉ်မှူးတွေဟာ လေယာဉ်ပေါ်မှ အချိန်မီ ခုန်ထွက်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာ မရခဲ့ပေမဲ့ လေ ယာဉ်တွေကတော့ တော်တော်လေး ပျက်စီးသွားခဲ့လို့ ပြန်ပြင်ဖို့ တောင်ကိုရီးယားစစ်တပ်က ဝမ် ၈၈၀ သန်း (ပေါင် ၄ သိန်းခွဲနီးပါး) ကုန်ကျခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုအရ လေယာဉ်မှူးတစ်ယောက်ဟာ အဲဒီနေ့က သူ့ရဲ့ တပ်ဖွဲ့မှာ နောက်ဆုံးပျံသန်း ရမယ့်နေ့ဖြစ်လို အမှတ်တရဖြစ်အောင် ဓာတ်ပုံတွေ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ သူဟာ လေယာဉ်မပျံသန်း ခင် ပြုလုပ်တဲ့ အစည်းအဝေးမှာ သူဓာတ်ပုံရိုက်ဖို့ အစီအစဉ်ရှိတယ်ဆိုတာကို လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြခဲ့ပါတယ်။
ဒေဂူမြို့မှာ လေ့ကျင့်ရေးတာဝန်ပြီးလို့ အခြေစိုက်စခန်းကို အပြန်လမ်းမှာ အခုလို မတော်တဆမှု ဖြစ်ခဲ့တာပါ။ ရှေ့က ဦးဆောင်ပျံသန်းနေတဲ့ လေယာဉ်ရဲ့ နောက်ကနေ ကပ်လိုက်လာတဲ့ ဒုတိယလေ ယာဉ်မှူးက သူ့ဖုန်းနဲ့ ဓာတ်ပုံတွေ စရိုက်ခဲ့ပါတယ်။
ရှေ့လေယာဉ်က လေယာဉ်မှူးကလည်း သူ့လေယာဉ်ပေါ်မှာပါတဲ့ နောက်ထပ် လေယာဉ်မှူးတစ် ယောက်ကို ဟိုဘက်က ဒုတိယလေယာဉ်ကို ဗီဒီယိုလှမ်းရိုက်ပေးဖို့ ခိုင်းခဲ့ပါတယ်။
ဗီဒီယိုရိုက်နေတုန်းမှာ ဒုတိယလေယာဉ်ဟာ ကင်မရာထဲမှာ ကြည့်ကောင်းအောင်ဆိုပြီး လေ ယာဉ်ကို ရုတ်တရက် အပေါ်ကို မြှင့်တင်လိုက်သလို လေယာဉ်ကိုယ်ထည်ကိုပါ ပက်လက်လှန် ပြလိုက်ပါ တယ်။
လေယာဉ်ကို စတန့်ထွင်ပြီး မောင်းနှင်လိုက်တဲ့အတွက် လေယာဉ်
နှစ်စင်းဟာ တစ်စင်းနဲ့တစ်စင်း အရမ်းနီးကပ်သွားပြီး မတော်တဆ တိုက်မိခဲ့ကြပါတယ်။
လေယာဉ်ချင်း မတိုက်မိအောင် ရှေ့က ဦးဆောင်မောင်းတဲ့ လေယာဉ်မှူးက လေယာဉ်ကို အောက် ဘက်ကို အမြန်နှိမ့်ချဖို့ ကြိုးစားခဲ့သလို နောက်က ဒုတိယလေယာဉ်မှူးကလည်း အပေါ်ကို ထောင်တက်ဖို့ ကြိုးစားခဲ့လို့ အရှိန်တွေကြောင့် တစ်စင်းနဲ့တစ်စင်း မလွတ်တော့ဘဲ တိုက်မိသွားခဲ့တာပါ။
ရှေ့လေယာဉ်ရဲ့ ဘယ်ဘက်တောင်ပံဟာ နောက်လေယာဉ်ရဲ့ အမြီးပိုင်းက လေယာဉ်ကို ထိန်း ကျောင်းပေးတဲ့ အစိတ်အပိုင်းနဲ့ ငြိသွားခဲ့ပါတယ်။ အဲဒီလို ငြိမိသွားတဲ့အတွက် ရှေ့လေယာဉ်ရဲ့ ဘယ်ဘက် တောင်ပံနဲ့ နောက်လေယာဉ်ရဲ့ အမြီးပိုင်းက အစိတ်အပိုင်းတွေ အပြင်းအထန် ပျက်စီးသွားခဲ့တာပါ။
ဒီမတော်တဆမှု ဖြစ်ပြီးနောက်မှာတော့ တောင်ကိုရီးယားလေတပ်က ဒုတိယလေယာဉ်မှူးကို တာဝန်ကနေ ရပ်ဆိုင်းခဲ့ပြီး လေယာဉ်ပြင်ဆင်စရိတ်အတွက် ဝမ် ၈၈၀ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။
ဒါပေမဲ့ သူကတော့ ဒီဒဏ်ကြေးကို စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ဆီမှာ ပြန်ပြီး ကန့်ကွက်ခဲ့ပြီး သူ့ရဲ့ ပေါ့ဆမှုကိုတော့ ဝန်ခံပေမဲ့ လေယာဉ်ပျက်စီးမှုအတွက် ငွေကြေးအရ တာဝန်မယူနိုင်ကြောင်းနဲ့ သူဟာ လိုက်နာရမယ့် လုံခြုံရေးစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ကိုးကား – Independent
Ref; Pilot’s mid-flight selfie blamed for South Korean fighter jet collision