နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အတုအယောင်အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုသည် စစ်အာဏာ တည်မြဲရေးအတွက်သာဖြစ်ပြီး လက်တွေ့တွင် နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုများ ကျူးလွန်နေသဖြင့် ၎င်းတို့၏ ငြိမ်းချမ်းရေးအပေါ် ယုံကြည်မှုမရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) က တုံ့ပြန်ပြောဆိုသည်။
နိုင်ငံတကာနှင့် ပြည်သူလူထုက လက်မခံသည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် သမ္မတ ရာထူးကို ဖန်တီးရယူထားသော စစ်ခေါင်းဆောင်သည် ဧပြီလ ၂၀ ရက်နေ့တွင် ကျင်းပသည့် ရွေးတုစစ်အစိုးရ ပထမဆုံးအစည်းအဝေးတွင် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ရွေးတုသမ္မတက ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်မှုကို ဧပြီ ၂၀ ရက်မှစ၍ ရက်ပေါင်း ၁၀၀ (ဇူလိုင် ၃၁ ရက်အထိ) သတ်မှတ်ကာ NCA လက်မှတ်ရေးထိုး၊ မရေးထိုးသော ERO နှစ်မျိုးစလုံးအပြင် ၎င်းတို့ကို ခုခံတော်လှန်လျက်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အား လက်နက်ချ အလင်းဝင်၊ တွေ့ဆုံဆွေးနွေးမည်ဟု ဆိုသည်။
ထိုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း လက်တွေ့၌ နိုင်ငံတဝန်းရှိ ပြည်သူများ၊ ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်းနှင့် စာသင်ကျောင်းများ စသည်တို့ကို ပစ်ထား၍ နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး/ဒရုန်းတို့ဖြင့် ပစ်ခတ်နေကြောင်း EROs များက ဆိုသည်။
“ဒုက္ခသည်စခန်းတွေ၊ ဆေးခန်းတွေ၊ ကျောင်းတွေနဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး လုပ်နေတဲ့ဟာတွေက ငြိမ်းချမ်းရေးဆိုတဲ့ ပါးစပ်နဲ့ လုံးဝကို မတန်ဘူး” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) သည် ယခင်ကတည်းက စစ်အုပ်စုကို ခုခံတော်လှန်နေသော ERO ဖြစ်ပြီး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိသကဲ့သို့ လက်ရှိတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၌ အဖွဲ့ဝင်ဖြစ်သည်။
“ဒီနေ့တော်လှန်ရေး လုပ်နေတာ အဓိကရည်ရွယ်ချက်က စစ်အာဏာရှင် ချုပ်ငြိမ်းရေးဖြစ်တယ်။ နောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်တယ်။ လက်ရှိမင်းအောင်လှိုင် ကလည်း တရားမဝင်တဲ့ အစိုးရဖြစ်တယ်” ဟု KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဆက်လက်ပြောသည်။
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းမ်းချမ်းရေးဟု ပြောဆိုနေသော်လည်း PDF တပ်ဖွဲ့ဝင်များ ပေါ်ပေါက်လာမှုမှာ ပညာရေးအားနည်းမှုကြောင့်ဖြစ်သည်ဟု ပြောဆိုခဲ့သည့်အပြင် EROs များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ၎င်းတို့အလိုကျ မလုပ်ဆောင်ပါက “လုပ်သင့်သည်များ လုပ်သွားမည်” ဟု ခြိမ်းခြောက်ပြောဆိုထားသည်။
“အခုဖိတ်ခေါ်တဲ့အပေါ် ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့က လက်ခံနိုင်စရာ အခြေအနေမရှိပါဘူး။ ယုံကြည်နိုင်တဲ့ အခြေအနေမရှိပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တွဲဖက်အတွင်းရေးမှူး (၁) ရဲဘော်ကျော်ကျော်လင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းခင် NCA လက်မှတ်ရေးထိုးထားသော EROs အဖွဲ့ ၁၀ ဖွဲ့ရှိပြီး ယင်းတို့ထဲ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တို့ ပါဝင်သည်။
ထို့အပြင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးထားသော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် NCA လက်မှတ်ထိုး အဖွဲ့အနည်းသာ စစ်အုပ်စုနှင့် ဆက်လက်ဆွေးနွေးလျက်ရှိသည်။
လက်ရှိ ရွေးတုစစ်အစိုးရတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် KNU ကမူ ၂၀၂၂ ခုနှစ်၌ ၎င်းတို့ထုတ်ပြန်သော ကြေညာချက်ပါ သဘောထားအတိုင်း ဆက်လက်ရပ်တည်နေပြီး လက်ရှိဖိတ်ခေါ်မှုအပေါ် စစ်မှန်သည့် ငြိမ်းချမ်းရေး မဟုတ်သဖြင့် စိတ်မဝင်စားကြောင်း ဧရာဝတီတိုင်းမ်ကို တုံ့ပြန်ဆိုသည်။
“အခုဖိတ်ခေါ်တဲ့ဟာကို စိတ်လည်းမဝင်စားဘူး။ ထွေထွေထူးထူးလည်း ထပ်ပြီးမပြောချင်တော့ဘူး။ ဒီလိုမျိုးလုပ်တာဟာ သူတို့နောက်ဆုံးမှာ အာဏာတည်မြဲဖို့၊ ပုံစံအမျိုးမျိုးနဲ့ နိုင်ငံ့အာ ဏာကို ထိန်းချုပ်နိုင်ဖို့အတွက် လုပ်ဆောင်တာလို့ပဲ မြင်ပါတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ရွေးတုစစ်အစိုးရ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) ကလည်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေမှုကို လာမည့်ဇူလိုင် ၃၁ ရက်အတွင်း လုပ်ဆောင်သွားရန် အသိပေး ထုတ်ပြန်ထားသည်။
လက်ရှိတွင် KNU၊ CNF နှင့် ABSDF အပါအဝင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အများစုနှင့် တော်လှန် ရေးအင်အားစုများမှာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်ဆောင်နေသည့် ရွေးတုသမ္မတမင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုကို လက်မခံဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်း သိရသည်။