ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းသို့ ရွေးတုအစိုးရစစ်တပ် က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဆေးရုံဝန်ထမ်းများနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ လူသတ်အလောင်းစွန့်ပစ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ရွေးတုအစိုးရတပ်စစ်ကြောင်းသည် ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် လုံးခင်းအမှတ် (၅) ရပ်ကွက်ရှိ မိုင်ပုဂ္ဂလိကဆေးရုံသို့ ဝင်ရောက်စီးနင်းခဲ့ပြီး တာဝန်ကျဆရာဝန်၊ ဆေးဝန်ထမ်းများ၊ လူနာနှင့် လူနာစောင့်များအပါအဝင် ပြည်သူ ၂၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့ပြင် အောင်ရာဥရုဟိုတယ်မှ ဝန်ထမ်းများကိုလည်း ထပ်မံဖမ်းဆီးသွားသဖြင့် ဒေသခံများက ပြန်လည် လွှတ်ပေးရန် တောင်းဆိုနေကြောင်း သိရသည်။
”ဖမ်းသွားသူတွေကို သတ်ပစ်လိုက်မှာစိုးရိမ်တာ။ အဖွဲ့လိုက်ဝင်လာပြီးဖမ်းသွားတယ်ပြောတယ်” ဟု ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကြောင်းများသည် လုံးခင်းနှင့် အောင်ရာကျေးရွာများအတွင်း ဖြန့်ခွဲနေရာယူထားပြီး၊ အထပ်မြင့်တိုက်များနှင့် အဆောက်အအုံများပေါ်တွင် အခြေစိုက်ကာ ခရီးသွားပြည်သူများကို ရိုက်နှက်စစ်ဆေးခြင်း၊ တန်ဖိုးရှိပစ္စည်းများနှင့် ငွေကြေးများကို လုယက်ခြင်းများ ကျူးလွန်လျက်ရှိသည်။
မရှီကထောင် ဆုတောင်းကုန်းတိုက်ပွဲအပြီးတွင် စစ်တပ်က ဖမ်းဆီးသွားသည့် လူငယ်လေးဦးကို နှိပ်စက်သတ်ဖြတ်ကာ ရုပ်အလောင်းများကို မရှီကထောင်နှင့် စည်ပင်လမ်းဆုံတွင် စွန့်ပစ်ထားခဲ့သည့် ဖြစ်စဉ်ကြောင့် ယခု ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်အတွက် မိသားစုဝင်များနှင့် ဒေသခံများ စိုးရိမ် လျက်ရှိသည်။
ဖားကန့်မြို့နယ်အတွင်းသို့ စစ်ကောင်စီက စစ်အင်အားများ ဆက်တိုက်ဖြည့်တင်းနေသည့်အတွက် ဖားကန့်-နန့်ယား-ကာမိုင်း လမ်းပိုင်းကို ယနေ့ ဧပြီ ၂၂ ရက်မှစတင်ကာ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) ၊ တပ်ရင်း (၆) က အသိပေး ထုတ်ပြန်ထားသည်။
ပုံစာ-စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်း)