ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ၏ နေပြည်တော် ခရီးစဉ်အတွင်း ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ရွေးတုသမ္မတ ဦးမင်းအောင် လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ အာဆီယံသို့ ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ယနေ့ ဧပြီ ၂၂ ရက် တွေ့ဆုံမှုတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့စည်းခြင်းကို ဂုဏ်ယူကြောင်းနှင့် ဦးမင်းအောင်လှိုင် ကို သမ္မတအဖြစ် တင်မြှောက်လိုက် ခြင်းမှာ ငြိမ်းချမ်းရေးအတွက် အရေးကြီးသည့် ကူးပြောင်းမှုဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မြန်မာပြည်သူများကမူ ယင်းရွေးကောက်ပွဲနှင့် သမ္မတအတုကို အသိအမှတ်ပြုထားခြင်း မရှိပေ။

ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အာဆီယံသို့ ပြန်လည်ဝင်ရောက်နိုင်ရန် “အဆင့်ဆင့် ချဉ်းကပ် ဆောင်ရွက်သည့် မူဝါဒ” ဖြင့် ကူညီပေးသွားမည်ဟု ဆိုသည်။
ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးခဲ့သည့်အပေါ် ကြိုဆိုခဲ့ပြီး အလားတူ လွှတ်ပေးမှုများ ဆက်လက်ရှိရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
နယ်စပ်တည်ငြိမ်ရေးနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တိုက်ပွဲများ လျှော့ချရန်၊ စစ်တပ်၏ ဗုံးသီးများ ထိုင်းနိုင်ငံပိုင်နက်အတွင်း ထပ်မံကျရောက်ခြင်းမျိုး မဖြစ်စေရန်၊ နယ်စပ် ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များနှင့် မူးယစ်ဆေးဝါးများကို ပူးပေါင်းနှိမ်နင်းရန်၊ နယ်စပ် ဖြတ်ကျော် မီးခိုးငွေ့နှင့် လေထုညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းရန် စသည်တို့ကို အလေးပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် နှစ်နိုင်ငံအတွက် အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် စတင်လိုကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ အတွက် အကူအညီပေးနိုင်မည့် နည်းလမ်းများကို စဉ်းစားနေကြောင်းလည်း ပြောကြားခဲ့သည်။
ကိုးကား – The Nation Thailand
Ref; Sihasak visits Myanmar, seeks ASEAN return and border stability