ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရလက်ထက်က ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြင့် စတင်အကောင်အထည်ဖော်ခဲ့သော ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းမှ ခေတ်မီ DEMU လူစီးအမြန်ရထားများကို လာမည့် မေလ ၁ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရွေးတုအစိုးရ လက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အဖြစ် အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန် လေအေးပေးစက်ပါ DEMU ရထားသစ်များကို ပြေးဆွဲပေးမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားများကို အထက်တန်း ကျပ် ၄၈,၀၀၀ နှင့် ပထမတန်း ကျပ် ၃၄,၀၀၀ ဟု သတ်မှတ်ထားသည်။

အဆိုပါ နှုန်းထားသည် လက်ရှိ အဝေးပြေးကားခ ကျပ် ၇၅,၀၀၀ မှ ၈၅,၀၀၀ ကြား နှင့် နှိုင်းယှဉ်ပါက သက်သာသော်လည်း ဝန်ဆောင်မှုနှင့် စနစ်ပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
လက်ရှိတွင် ရထားလက်မှတ်များကို Online Railways Ticketing and Payment (ORTP) စနစ်ဖြင့် ဝယ်ယူရမည်ဟု ဆိုသော်လည်း အဆိုပါစနစ်မှာ ငွေဖြတ်ပြီး လက်မှတ်မရခြင်း၊ ထိုင်ခုံနံပါတ်ထပ်ခြင်းနှင့် နေရာမရှိခြင်း စသည့် နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းများစွာ ကြုံတွေ့နေရကြောင်း ခရီးသွား များထံမှ သိရသည်။
“အခု သင်္ကြန်ပြီးတဲ့အထိ ကားလက်မှတ်တွေက ဈေးမကျသေးဘူး။ ရထားက ဈေးသက်သာရင်တော့ စီးကြမှာပဲ။ ဒါပေမဲ့ အရင်ကလို လက်မှတ်ရဖို့ ခက်နေတာမျိုး၊ အချိန်တွေ အကြာကြီး စောင့်ရတာ မျိုးဆိုရင်တော့ လူတွေက စိတ်ပျက်ကြဦးမှာပဲ။ အွန်လိုင်းစနစ်ကလည်း အခုထိ အဆင်မပြေသေးဘူး” ဟု အဝေးပြေးကားလက်မှတ် ရောင်းချသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခင်ကရထားလက်မှတ်ရရှိရန်အတွက် ဘူတာရုံများတွင် သုံးရက်ကြိုတင်ဝယ်ယူရပြီး ရန်ကုန် – မန္တလေး – ရန်ကုန် ခရီးစဉ်တစ်လျှောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို JICA ချေးငွေ ဒေါ်လာ ၂.၇ ဘီလီယံဖြင့် NLD အစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
၆၂၀ ကီလိုမီတာ ရှည်လျားသော ဤစီမံကိန်းသည် ယခင် ၁၅ နာရီကျော် ကြာမြင့်သည့် ခရီးစဉ်ကို ၈ နာရီခန့်အထိ အချိန်လျှော့ချနိုင်ရန် ရည်ရွယ်ပြီး လမ်းပိုင်း၊ တံတား၊ ဆက်သွယ်ရေးစနစ်နှင့် ဘူတာရုံ များကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်သည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်