ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ပြသရန်အတွက် “All in One Piece Movement” လှုပ်ရှားမှုကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက စတင်လိုက်ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံတကာသံရုံးများက ထပ်မံတိုက်တွန်းလိုက်သည်။

 

All in One Piece Movement လှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း သက် သေပြရန်နှင့် သက်ဆိုင်ရာ နိုင်ငံတကာအစိုးရများမှတစ်ဆင့် ၂၀၂၅ အတုအယောင်ရွေးကောက် ပွဲမှပေါ်ပေါက်လာသည့် ရွေးတုအစိုးရထံ လူထုခေါင်းဆောင် သက်ရှိထင်ရှားရှိကြောင်း အထောက် အထားပြသရန် တောင်းဆိုသည့် လှုပ်ရှားမှု ဖြစ်သည်။

“မေမေ သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာ ရှိနေသေးတယ်ဆိုတာ သိရဖို့ တောင်းဆိုခဲ့တာ တော်တော်ကြာပါပြီ။ ဒီတစ်ခါတော့ အားလုံးအတူတူ ပါဝင်တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့ အရိုးရှင်းဆုံး ဆန္ဒဖြစ်သလို ပြည်သူတွေအားလုံးရဲ့ ဆန္ဒလည်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ကင်မ်အဲရစ်) က ပြောကြားသည်။

 

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကို ဆက်လက်ပံ့ပိုးသွားမည်ဟု ယနေ့ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အလားတူ ဥရောပသမဂ္ဂ (EU) ကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အချို့သော နိုင်ငံရေး အကျဉ်းသားများကို ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကို ကြိုဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်ရှိနေသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုထားသည်။

 

ထို့ပြင် ဩစတြေးလျသံရုံးကလည်း မတရားသဖြင့် ထိန်းမ်းခံထားရဆဲ အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် ယနေ့တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

 

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လူသားချင်းစာနာမှု အကူအညီများအား အဟန့်အတားမရှိ ပေးအပ်ခွင့်ရရှိရေးနှင့် အားလုံးပါဝင်သော ဆွေးနွေးမှုများ လုပ်ဆောင်ရန် ရွေးတုအစိုးရ ကို ဖိအားပေးလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်များနှင့် ရှေ့နေများမှာ တိကျသည့် အချက် အလက်များ ရရှိရန် ခက်ခဲနေဆဲဖြစ်သဖြင့် ယခုကဲ့သို့ လူထုလှုပ်ရှားမှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – EU , လူမှုကွန်ရက်