နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

စစ်ခေါင်းဆောင်သည် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် အဖြစ် အတုအယောင် ရာထူးရယူထားပြီးနောက် လေတပ်ဦးစီးချုပ်သစ်အဖြစ် ၎င်း၏ လူယုံတော် ဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်အပ်လိုက်ခြင်းသည် လေတပ်၏ အစဉ်အလာကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လာနိုင်ကြောင်း လေတပ် CDM အရာရှိများ၏ သတိပေးပြောကြားထားသည်။

ဗိုလ်ချုပ်ကြီး ထွန်းဝင်း (လေ ၂၁၃၀) သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၄) ဆင်းဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ခေါင်းဆောင်၏ အထူးယုံကြည်မှုကို ရရှိကာ ရာထူးအဆင့်ဆင့် အဆမတန် တိုးမြှင့်ခြင်း ခံခဲ့ရပြီး စစ်ဦးစီးအရာရှိချုပ်(လေ) ဒုဗိုလ်ချုပ်ကြီးအထိ ဖြစ်လာကာ ယခုရာထူးတိုးမြှင့် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

“သူလေတပ်ဦးစီးချုပ်ဖြစ်တာ လေတပ်ပျက်သွားပြီလို့ ပြောလို့ရတယ်။ ဘာကြောင့်ဆို သူက လက်ညှိုးထောင် ခေါင်းငြိမ့်ဗျ။ နောက်ပြီး သူက ဖိုက်တာပိုင်းလော့ မဟုတ်တဲ့အတွက် လေတပ်ရဲ့ ရာဇဝင်ပျက်တာပေါ့” ဟု လုပ်သက်ရင့် လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေတပ်၏ အစဉ်အလာအရ လေတပ်ဦးစီးချုပ်များသည် တိုက်ခိုက်ရေးလေသူရဲများသာ ဖြစ်လေ့ရှိသော်လည်းယခုအခါ အထက်မှခိုင်းသမျှ လုပ်ဆောင်တတ်သည့် အုပ်ချုပ်ရေးပိုင်းမှ လူယုံတော်ကို နေရာပေးလာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ယင်းမတိုင်မီ လေတပ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးထွန်းအောင်ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က သမ္မတနေရာ ဖန်တီးရယူ၍ ရွေးတုစစ်အစိုးရ ဖွဲ့စည်းလိုက်ချိန်တွင် လူယုံတော် ဗိုလ်ချုပ်ကြီးထွန်းအောင်အား ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်သဖြင့် နေရာလစ်လပ်သွားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ထွန်းဝင်းသည် ဗိုလ်မှူးအဆင့်တွင် စစ်ခေါင်းဆောင်၏ လူယုံတော်ဖြစ်သူ (ယခု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ-၁) ဗိုလ်ချုပ်ကြီးဟောင်း မြတ်ဟိန်း၏ မိသားစုကိုယ်ရံတော်အရာရှိ (PSO) အဖြစ် တာဝန်ယူခဲ့ဖူးကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ထံမှ သိရသည်။

ထိုသို့ လေတပ်ဦးစီးချူပ်အသစ် ခန့်အပ်မှုသည် စစ်ခေါင်းဆောင် လက်လွှဲ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသော လူယုံတော် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်တွင် အရေးကြီးသော စစ်ဘက်ထိပ်တန်း ရာထူးနေရာ အပြောင်းအလဲတစ်ခုပင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ထွန်းဝင်းသည် ဗိုလ်မှူးအဆင့်တွင် စစ်ခေါင်းဆောင်၏ လူယုံတော်ဖြစ်သူ (ယခု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ-၁) ဗိုလ်ချုပ်ကြီးဟောင်း မြတ်ဟိန်း၏ မိသားစုကိုယ်ရံတော်အရာရှိ (PSO) အဖြစ် တာဝန်ယူခဲ့ဖူးကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ထံမှ သိရသည်။

“ထူးထူးခြားခြား ပြောင်းလဲလာမယ် မထင်ပါဘူး။ အရင်လိုပဲ လေကြောင်းခြိမ်းခြောက်မှုတွေ၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန် လုပ်ဆောင်ဖို့ပဲ ရှိနိုင်ပါတယ်” ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေတပ်ဦးစီးချူပ်အသစ်သည် ၂၀၀၈ ခုနှစ်တွင် ဒုဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ရရှိ၍ ဌာနမှူး၊ တပ်မှူး၊ စစ်ဦးစီးမှူး(ပထမတန်း) ဖြစ်လာကာ ၂၀၁၃ ခုနှစ်၌ ဗိုလ်မှူးကြီးအဆင့် ထပ်မံတိုးမြှင့်ခံရပြီး အုပ်စုမှူး၊ လက်ထောက်လေ့ကျင့်ရေးချုပ်(လေ)၊ ဒုဌာနချုပ်မှူး ဖြစ်လာကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၁ ခုနှစ်တွင် ပုသိမ်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် ဗိုလ်မှူးချူပ်အဆင့် ရာထူးတိုးမြှင့်ခံရပြီး ၂၀၂၃ ခုနှစ်၌ ဗိုလ်ချုပ်ဖြစ်လာကာ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ ၂၀၂၄ ခုနှစ်တွင် ဒုစစ်ဦးစီးအရာရှိချုပ်(လေ) ဖြစ်လာခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာတွင် စစ်ဦးစီးအရာရှိချုပ်(လေ) ဖြစ်လာပြီး ငါးလအကြာတွင် လေတပ်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်ကာ ၎င်းသည် အုပ်ချုပ်ရေးပိုင်းတွင် ကာလရှည် တာဝန်ယူခဲ့သူဖြစ်သလို ခေါင်း ဆောင်မှုနှင့် စစ်ဘက်စီမံအုပ်ချုပ်မှု သင်တန်းများ တက်ရောက်ထားကြောင်း သိရသည်။

ဓာတ်ပုံ-MOI