ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
စစ်ခေါင်းဆောင်သည် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် အဖြစ် အတုအယောင် ရာထူးရယူထားပြီးနောက် စစ်တပ်အတွင်း အရေးကြီးသည့် ရာထူးများကို အပြောင်းအလဲများ ဆက်တိုက် ပြုလုပ်လာကြောင်း သိရသည်။
လေကြောင်းပစ်ခတ်မှုများဖြင့် စစ်ရေးသာစီးရရန် ကြိုးပမ်းနေသည့် ရွေးတုအစိုးရက စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တိုးမြှင့်ခန့်အပ် လိုက်သည်။
ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ထွန်းဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၄) ဆင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ဗိုလ်မှူးချုပ်၊ ၂၀၂၃ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
မူလက လေတပ်ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကိုမူ ရွေးတုအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွှေ့ပြောင်း ခန့်အပ်လိုက်ကြောင်း သိရသည်။
ထို့အပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)တိုင်းမှူးအဖြစ် ဗိုလ်ချုပ် စိုးကျော်ထက် (ယခင် နတခ တိုင်းမှူး)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး (ယခင် တပခတိုင်းမှူး)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူးအဖြစ် အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) စကခမှူးတို့ကို ပြောင်းလဲခန့်အပ်ထားသည်။
ထို့ပြင် စစ်ဘက်ရေးရာ အရာရှိချုပ်ရုံး စီမံဌာနကြီးမှူး ဗိုလ်မှူးချုပ် မြင့်သူနိုင်ကို ဒုစရခချုပ် အဖြစ်လည်း ကောင်း၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂) စကခမှူး ဗိုလ်မှူးချုပ် မင်းသိန်းကျော်ကို စစ်ဆေးတက္ကသိုလ်ကျောင်းအုပ် အဖြစ်လည်းကောင်း အသီးသီး ပြောင်းလဲတာဝန်ပေးခဲ့သည်။
စစ်အုပ်စုသည် တပ်မ (၂၂) ၊ တပ်မ (၄၄)၊ တပ်မ (၅၅) နှင့် တပ်မ (၉၉) တို့မှ တပ်မမှူးနှင့် ဒုတပ်မမှူးများကိုပါ အပြောင်းအလဲများစွာ ပြုလုပ်ထားကြောင်း စစ်ရေးသတင်းအရင်းမြစ်ထံမှ သိရသည်။
ဓာတ်ပုံ-စစ်အုပ်စု