ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်
စစ်တပ်အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ်မီးကြောင့် နိုင်ငံတစ်ဝန်း ပညာရေးကဏ္ဍ အဘက်ဘက်မှ ပြိုလဲနေချိန်တွင် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) သက်တမ်း ၅ နှစ်အတွင်း ပညာရေးဘတ်ဂျက်ကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဟု ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် က ဝါဒဖြန့် ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ပြုလုပ်သည့် ရွေးတုအစိုးရ အစည်းအဝေးတွင် ဦးမင်းအောင်လှိုင် က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော် ဘဏ္ဍာ၏ ၆.၉၂ ရာခိုင်နှုန်းနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများအပါအဝင် စုစုပေါင်း ၉.၂၂ ရာခိုင်နှုန်း အသုံးပြုသွားမည်ဟု ဆိုသည်။

“မိမိတို့အစိုးရ တာဝန်ယူမယ့် ၅ နှစ်အတွင်း ပညာရေးသုံးစွဲမှု ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာဟာ နိုင်ငံတော်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတာပဲ” ဟု ၎င်းက ဆိုထားသော်လည်း လက်တွေ့မြေပြင်တွင်မူ စစ်တပ်က ကျောင်းများကို ပစ်မှတ်ထားဗုံးကြဲခြင်းနှင့်အတူ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားမှုကြောင့် ပညာရေးစနစ်မှာ ပျက်စီးလျက်ရှိသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာအရ နိုင်ငံတစ်ဝန်းရှိ အသက် ၁၅ နှစ်အရွယ် လူငယ် ငါး ဦးတွင် သုံး ဦးသာ ကျောင်းတက်ခွင့်ရပြီး အသက် ၂၀ အရွယ် လူငယ် ခြောက် ဦးတွင် တစ် ဦးသာ ပညာဆက်လက်သင်ကြားနိုင်တော့သည်။
ထို့ပြင် အသက် ၃ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူဦးရေ၏ ၉.၈ ရာခိုင်နှုန်းမှာ လုံးဝကျောင်းမနေဖူးသူများ ဖြစ်နေကြောင်း ဖော်ပြထားသည်။ ယင်းကဲ့သို့ ကျောင်းမနေဖူးသူဦးရေသည် ကျေးလက်ဒေသများတွင် ၁၁.၄ ရာခိုင် နှုန်းအထိ ရှိနေသည်။

စစ်တပ် အာဏာသိမ်းပြီးကတည်းက တရားဝင်ပညာရေးစနစ် ပြိုလဲမှု၊ စစ်ရှောင်ရမှုနှင့် အတိုက်အခံ အင်အားစုများ ထိန်းချုပ်ရာဒေသရှိ ကျောင်းများကို စစ်အုပ်စုက တမင်ပစ်မှတ်ထား တိုက်ခိုက်မှုများ ကြောင့် ကလေးငယ်များနှင့် လူငယ်များမှာ ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCHR) ကလည်း ထုတ်ပြန်ထားသည်။
ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် က ပညာရေးဘတ်ဂျက် တိုးမြှင့်မည်ဟု ဟန်ပြပြောဆိုနေသော်လည်း တစ် ဖက်တွင်မူ တော်လှန်ရေးအင်အားစုများ၏ ကိုယ်ထူကိုယ်ထကျောင်းများကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခြင်းနှင့် ကျောင်းသားလူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခြင်းများကို လုပ်ဆောင်နေဆဲဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်