ဧရာဝတီတိုင်းမ်
ဧပြီ ၂၂ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို အကန့်အသတ်မရှိ ထပ် တိုးလိုက်ကြောင်း ဧပြီ ၂၁ ရက်က ပြောကြားလိုက်ပါတယ်။

ဒါဟာ အပစ်ရပ်သက်တမ်းကုန်ဆုံးဖို့ နာရီပိုင်းအလိုမှာ ထွက်ပေါ်လာတာဖြစ်ပြီး လူပေါင်းထောင် ချီ သေဆုံးကာ ကမ္ဘာ့စီးပွားရေးကိုပါ ရိုက်ခတ်နေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ဆက်လက်လုပ်ဆောင်နိုင်အောင် အချိန်ပေးလိုက်တာ ဖြစ်ပါတယ်။

အရင်က တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာတွေကို လျှော့ချလိုက်ပြီး ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အီရန်ခေါင်းဆောင်တွေဘက်က ခိုင်မာတဲ့ အဆိုပြုချက်တစ်ခု ယူဆောင်မလာနိုင်မချင်း အီရန်အ ပေါ် တိုက်ခိုက်မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အီရန်ခေါင်းဆောင်ပိုင်းက စစ်ကြေညာတဲ့လုပ်ရပ်လို့ သတ်မှတ်ထားတဲ့ အီရန်ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်းတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားတဲ့အစီအစဉ်ကိုတော့ ဆက်လုပ်သွားမယ်လို့ သူ က ဆိုပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌရဲ့ အကြံပေးဖြစ်သူ မိုဟာမက်ဘာကာကာလီဘတ်က ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်ဟာ အရေးပါတဲ့ အပြောင်းအလဲ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌရဲ့ အကြံပေး မာဒီမိုဟာမဒီက ဒေါ်နယ်ထရမ့်ရဲ့ အပစ်ရပ်သက်တမ်းတိုးမှု ဟာ အချိန်ဆွဲပြီး အလစ်အငိုက် တိုက်ခိုက်ဖို့ ကြံစည်တဲ့ လှည့်ကွက်သာဖြစ်တယ်လို့ လူမှုကွန်ရက်ကနေ ပြောလိုက်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ လက်ရှိလည်း စစ်ရေးအရ ကျူးကျော်နေတာဖြစ်လို့ အခုအချိန်ဟာ အီရန်ဘက်က စတင်တုံ့ပြန်ရမယ့်အချိန်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အီရန်ဘက်က အဆိုပြုချက် တင်ပြလာပြီး ဆွေးနွေးပွဲတွေ တစ်နည်းနည်းနဲ့ အဖြေမထွက်မချင်း အပစ်အခတ်ရပ်စဲရေးကို ဆက်ပြီး သက်တမ်းတိုးပေးထားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်က သံတမန်ရေးရာ ကြိုးပမ်းမှုတွေ အဆင်ပြေချောမွေ့စေ ရေး အပစ်ရပ်သက်တမ်းတိုးပေးဖို့ သူတို့ရဲ့တောင်းဆိုချက်ကို ဒေါ်နယ်ထရမ့်က ကြည်ဖြူစွာလက်ခံပေးခဲ့ တဲ့အတွက် ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; US announces ceasefire extension with Iran