ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်း ၇.၇ မဂ္ဂနီကျု စစ်ကိုင်းငလျင်ကြီး ကြောင့် ပျက်စီးသွားခဲ့သည့် ဆွာချောင်းတံတားကို ပြန်လည်တည်ဆောက်ရာတွင် ငလျင်လှုပ်ပြီး တစ်နှစ်ကျော်ကြာသည်အထိ မပြီးစီးသေးဘဲ လာမည့် ဇွန်လမှသာ ပြီးစီးမည်ဖြစ်ကြောင်း ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) ထံမှ သိရသည်။
အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား (အပြန်လမ်း) ကို အသစ်အစားထိုး တည်ဆောက် နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိတွင် တံတားကြမ်းခင်း ကွန်ကရစ်သွန်းလောင်းခြင်းနှင့် ငလျင်ဒဏ်ခံနိုင်ရန် ပြင်ဆင်ခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည့် အဆိုပါငလျင်ကြီး လှုပ်ခတ်ပြီး တစ်နှစ်ကျော်သည်အထိ အခြေခံအဆောက်အအုံတစ်ခုကို အပြီးသတ်နိုင်ခြင်းမရှိသည့်အပေါ် ခရီးသွားပြည်သူများက ဝေဖန်လျက်ရှိသည်။
“ဒီငလျင်ကြီးလှုပ်တာ တစ်နှစ်ကျော်သွားပြီ၊ လူတွေလည်း အများကြီး သေခဲ့ရတယ်။ အခုထိ ဒီတံတားလေး တစ်ခြမ်းတည်းကိုတောင် အပြီးမဆောက်နိုင်သေးဘူး။ အသွား၊ အပြန် ခဏစောင့်ပြီး တစ်လှည့်စီ ဖြတ်နေရတာ ကားများရင် တော်တော်စောင့်ရတယ်” ဟု အမြန်လမ်းအသုံးပြုသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသော ပြည်သူများသည် တစ်နှစ်အကြာတွင်လည်း အစားအသောက်၊ ကုန်ဈေးနှုန်းနှင့် အသက်မွေးဝမ်း ကျောင်း အခက်အခဲများအပြင် စိတ်ဒဏ်ရာများကိုပါ ပြင်းထန်စွာ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
ဆွာချောင်းဒေသသည် ၂၀၁၈ ခုနှစ် ရေပိုလွှဲတံခါးပြိုကျမှုနှင့် ပြီးခဲ့သည့်နှစ် ရာဂီမုန်တိုင်းဒဏ်တို့ကိုလည်း ခံစားခဲ့ရပြီး ယခုအခါ ရွေးတုအစိုးရ၏ ကြန့်ကြာနေသော ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကြောင့် ဒေသခံများနှင့် ခရီးသွားပြည်သူများမှာ သွားလာရေး အဆင်မပြေမှုများကို ဆက်လက်ကြုံတွေ့ နေရခြင်း ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်