ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်

 

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း မြန်မာနိုင်ငံဘက်သို့ မှောင်ခိုတင်သွင်းရန် ပြင်ဆင်နေသည့် စက်သုံးဆီအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရသည်။

 

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် တာဝန်အရကင်းလှည့်စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် ယာဉ်တစ်စီးကို တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းဖြစ်သူမှာ တာဝန်ရှိသူများကို တွေ့သည်နှင့်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

တာဝန်ရှိသူများက အဆိုပါနေရာမှ ၂၀၀ လီတာဆံ့ ဓာတ်ဆီပုံး သုံး ပုံးကို သိမ်းဆည်းရမိခဲ့သည့်အပြင် အခြားတစ်နေရာတွင်လည်း ပိုင်ရှင်မဲ့စွန့်ပစ်ထားသည့် ၃၀ လီတာဆံ့ ဒီဇယ် ရှစ် ပုံး ကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ယမန်နေ့ ဧပြီ ၂၀ ရက်နေ့ကလည်း မဲဆောက်မြို့နယ်အတွင်းရှိ နယ်စပ်ဖြတ်ကျော်ဂိတ် တတစ်ခုတွင် ၂၂ ဘီးကုန်တင်ကားတစ်စီးကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ဘတ် ခုနှစ်သိန်းကျော် တန်ဖိုးရှိ ဒီဇယ် ၁၆၀၀၀ လီတာကို သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ စက်သုံးဆီများမှာ မြန်မာနိုင်ငံဘက်ခြမ်းသို့ မှောင်ခိုတင်ပို့ရန် ရည်ရွယ်ထားသည့် စက်သုံးဆီများဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက ယူဆထားပြီး နယ်စပ်တစ်လျှောက်တွင်လည်း စစ်ဆေးမှုများကို ပိုမိုတင်းကျပ်သွားမည်ဟုဆိုသည်။

 

ကိုးကား – Khaosod English
Ref; Thai officials seize fuel bound for Myanmar at border