ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဧပြီ ၂၁ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် စက်သုံးဆီများ တရားမဝင် ဖြန့်ဖြူးရောင်းချသည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီးတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ရဲများက နေအိမ်အတွင်းဝင်၍ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သတင်ရရှိသည်။
ဧပြီလ ၁၉ ရက်နေ့ နံနက် ရှစ် နာရီကျော်အချိန်တွင် ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ စံပြလမ်းဘေးရှိ ဆိုင်ခန်းအမှတ် (၇၀) ၌ စက်သုံးဆီများ ရောင်းချနေသည်ဟုဆိုကာ စစ်ကော်မရှင်လက်အောက်ခံ ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူသည် မေဖြူငြိမ်း (ခ) မေဖြူဖြစ်ပြီး ဓာတ်ဆီ ခုနှစ်ဂါလံပါ ကော်ပုံး နှစ်ပုံးနှင့်အတူ နေအိမ်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“အခုက ဓာတ်ဆီကို လိုင်းကြေးပေးရောင်းရသလိုဖြစ်နေပီ၊ လိုင်းကြေးမပေးရင်ဖမ်းတယ်။ ကိုယ့်ဆိုင်ကယ်စီးဖို့အတွက်ဆိုရင်တောင် အိမ်မှာများများထားလို့မရဘူး၊ တရားမဝင်ဖြန့်ဖြူးရောင်းချတယ်ဆိုပီး ခေါင်းစဉ်တပ် ရဲတွေက ဖမ်းဆီးငွေညှစ်နေကြတာ”ဟု ပုသိမ်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မေဖြူငြိမ်း (ခ) မေဖြူကို ပုသိမ်မြို့မရဲစခန်း၌ (ပ)၅၂/၂၀၂၆၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကလည်း ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် တရားမဝင်ဒီဇယ်များ သယ်ဆောင်လာသည့်ဟုဆိုကာ အမျိုးသား သုံးဦးကိုဖမ်းဆီးပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်၍ ကျုံပျော်မြို့မရဲစခန်းက အရေးယူခဲ့သည်။
ဧရာဝတီတိုင်းအတွင်း စက်သုံးဆီရှားပါးမှုနှင့် ဝယ်လိုအားမြင့်တက်နေမှုကြောင့် ဒီဇယ်တစ်ပေပါလျှင် ပြင်ပပေါက်ဈေး ကျပ် ၂၅ သိန်းမှ ၃၀ ကျော်အထိ ဈေးနှုန်းများ အဆမတန် မြင့်တက်နေသဖြင့် ဒေသခံ လယ်သမားများစွာ အခက်အခဲကြုံတွေ့လျက်ရှိသည်။
ဓာတ်ပုံ-ဖမ်းဆီးခံရသည့် မေဖြူငြိမ်း (ခ) မေဖြူ