ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ရက်
စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် တပ်ရင်းတစ်ခုအတွင်းသို့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ မှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) ၏ တပ်များက စစ်ယာဉ်တန်းများဖြင့် အင်အား ဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရသည်။
ကသာအခြေစိုက် ခမရ-၃၀၉ အတွင်းသို့ စစ်ကား ၁၃ စီးပါ စစ်ယာဉ်တန်းသည် ထီးချိုင့်-ရင်ကွဲတောင် လမ်းအတိုင်း သိမ်အင်းကျေးရွာများကို ဖြတ်သန်း၍ ဝင်ရောက်လာခြင်းဖြစ်သည်။
ရွေးတုအစိုးရတပ်များသည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မြတောင်ဘက်မှ စစ်ကြောင်းတစ်ခု၊ အနောက်ဘက်ကမ်း ထီးချိုင့်ဘက်မှ စစ်ကြောင်းတစ်ခုဖြင့် ညှပ်၍ ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းများအရသည်။
”မြေပြင်စစ်ကြောင်းတွေက ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြတောင်ကနေ စစ်ကြောင်းတစ်ခု၊ အနောက် ဘက်ကမ်း ထီးချိုင့်ကနေ စစ်ကြောင်းတစ်ခုထိုးတက်လာနေတယ်။ အခုဆို ကလုံအင်းရွာအထိ ရောက် နေပြီ” ဟု ဒေသတွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ငါးအိုးအခြေစိုက် ခလရ-၁၂၁ မှ စစ်ကြောင်းတစ်ခုသည်လည်း ပျဉ်ထောင်လေးနှင့် အစုကြီးကျေးရွာတစ်ဝိုက်တွင် စစ်ကြောင်းဖြန့်ခွဲကာ ဦးတည်လှုပ်ရှားလျက်ရှိသည်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ CDM ဗိုလ်ကြီးဇင်ယော်က “ဒီလှုပ်ရှားမှုတွေအရ စစ်အုပ်စုအနေနဲ့ မန္တလေးကနေ ကသာအထိ စစ်ရေးလမ်းကြောင်းတစ်ခု ပွင့်သွားတဲ့သဘောပဲ” ဟု သုံးသပ်ထားသည်။ ယခုစစ်ဆင်ရေးသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို စိုးမိုးထိန်းချုပ်နိုင်ရန် ရည်ရွယ်သည့် စစ်ရေးပြင်ဆင်မှုများ ဖြစ်ကြောင်း သိရသည်။
ထီးချိုင့်မှ ကသာကို ဧပြီ ၁၃ရက်နေ့မှစ၍ ရွှေ့လျားလာသည့် စစ်တပ်သည် ကလုံအင်းကျေးရွာ အထိရောက်ရှိတပ်ဖြန့်နေပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်ဝင်ရောက်လာနေသည်။
ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် ထီးချိုင့်နှင့် ကသာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရပြီ လက်ရှိ ပူပြင်းလှသည့် ရာသီဥတုအောက်တွင် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်အခဲများ အပြင်းအထန် ကြုံတွေ့နေရကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်၊ စစ်ကော်မရှင်စစ်ကြောင်းယာဉ်တန်း