ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဧပြီ ၂၁ ရက်

 

ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် (PDF) ၁၁ ဦးမှာ လက်နက်ခဲယမ်းများနှင့်တကွ အလင်း ဝင်ရောက်ခဲ့ကြောင်း ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) လက် အောက်ခံ မီဒီယာများက ယနေ့ ဧပြီ ၂၁ ရက်တွင် ဝါဒဖြန့် ထုတ်ပြန်သည်။

 

အလင်းဝင်ရောက်လာသည့် ၁၁ ဦးမှာ ညောင်လေးပင်မှ ခြောက် ဦး၊ ပေါက်ခေါင်းမှ နှစ် ဦး၊ မင်းလှမှ နှစ် ဦးနှင့် နတ်တလင်းမှ တစ် ဦးတို့ ဖြစ်ကြောင်း ဝါဒဖြန့်ထားသော်လည်း ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကမူ ၎င်းတို့မှာ တပ်ဖွဲ့မှ ထုတ်ပယ်ခံထားရသူများနှင့် ထွက်ခွာသွားသူ များသာ ဖြစ်ကြောင်း ဆိုသည်။

 

“တချို့က တပ်ကနေ စည်းကမ်းဖောက်ဖျက်လို့ ထုတ်ပယ်ထားတာတွေ၊ တပ်ကနေ ကိုယ့်သဘောနဲ့ ကိုယ် ထွက်သွားတာတွေ ရှိတယ်။ လောလောဆယ် ပဲခူးတိုင်းထဲမှာ နှစ်လအတွင်း အဲဒီလိုလူမျိုး ဆယ်ဂဏန်းလောက်တော့ ရှိနိုင်တယ်။ ဒီဘက်မှာ မနေချင်လို့ ပြန်ပြေးကြတဲ့သူတွေပါ” ဟု ပဲခူးတိုင်းအခြေစိုက် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရ၏ အာဘော်သတင်းစာများတွင်မူ တော်လှန်ရေးတပ်ဖွဲ့များအတွင်း နှိပ်စက်ခြင်းနှင့် စစ်တပ်၏ ထိုးစစ်ကို မခုခံနိုင်ခြင်းတို့ကြောင့် အလင်းဝင်ရခြင်းဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။

 

“စစ်မှုထမ်းကာလမှာ နိုင်ငံရေးအတွေးအခေါ် မခိုင်မာဘဲ ရောက်လာတဲ့သူတွေလည်း ပါတာပေါ့။ တချို့က တောထဲမှာ ကိုယ်တိုင်လုပ်မှ ကိုယ်စားရတဲ့ ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်လို့ မိဘဆီ ပြန်ချင်ကြတာ။ မိဘဆီပြန်ရင်လည်း အဖမ်းခံရမှာစိုးတော့ အခုလို အလင်းဝင်ပြပြီး ရန်သူနဲ့ ပူးပေါင်းတဲ့သဘောမျိုး လုပ်ကြတာပါ”ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ရွေးတုသမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်ကလည်း ၎င်းကိုယ်၎င်း ရွေးချယ်ခံအစိုးရတစ်ရပ် အဖြစ် ဟန်ပြပြောဆိုကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရက် ၁၀၀ အတွင်း အလင်းဝင်ကြရန်နှင့် PDF ဖြစ်လာရခြင်းမှာ ပညာရေးအားနည်းခြင်းကြောင့်ဖြစ်သည်ဟု ယမန်နေ့ ဧပြီ ၂၀ ရက်ကဝါဒဖြန့် ပြောကြားခဲ့သည်။

 

ဓာတ်ပုံ – အင်တာနက်