ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် ယခုလ၏ ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ် စီးယပ်ခန့် ပိုမိုပူပြင်းနိုင်ကြောင်း စစ်အုပ်စုလက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုဧပြီလ နောက်ဆုံး ၁၀ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်သည်။

ထို့ပြင် ဧပြီလ၏ ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ပိုနိုင်သော ဒေသများမှာ နေပြည်တော်၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ ဖြစ်ကြသည်။
မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယားပြည်နယ်)၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်မူ ယခု ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။
အပူချိန်တဖြည်းဖြည်း မြင့်တက် လာခြင်းကြောင့် အပူပျံတက်တိမ်များ ဖြစ်ပေါ်နိုင်ကာ မိုးတိမ်တောင် များကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် သစ်ပင်ကြီးများ၊ ဓာတ်တိုင်များနှင့် ကြော်ငြာဘုတ်များအနီး နေထိုင်ခြင်းကို အထူးသတိပြု ရှောင်ကြဉ်ကြရန် လိုအပ်သည်။

ထို့ပြင် လာမည့် ဧပြီ ၂၂ ရက်မှ ၂၇ ရက်အတွင်း စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ နေပြည် တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ (ကယားပြည်နယ်)၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုကဲ့သို့ အပူချိန် မြင့်တက်လာချိန်တွင် ပြည်သူများအနေဖြင့် ရေငတ်သည်အထိ မစောင့်ဘဲ ရေများများသောက်ပေးခြင်း၊ ဓာတ်ဆားရည်၊ ပိုတက်စီယမ်ဓာတ် ကြွယ်ဝသည့် သဘာဝအသီး ဖျော်ရည်များနှင့် အုန်းစိမ်းရည်များ သောက်သုံးသင့်ကြောင်း ဧရာဝတီတိုင်းမ်၏ ကျန်းမာရေးပင်တိုင် ဆောင်းပါးရှင် ဒေါက်တာမိုးသစ်နေ က တိုက်တွန်းထားသည်။
ထို့ပြင် နေ့လယ် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက်သို့ တိုက်ရိုက်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်နှင့် အပြင်ထွက်ပါက ထီး၊ ဦးထုပ်များ အသုံးပြုခြင်း၊ လေဝင် လေထွက်ကောင်းသော ချည်သားအင်္ကျီများကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် အပူဒဏ်ကို ကာကွယ်ကြရန် အကြံပြုထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်