‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၁ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာစခန်းပတ်ဝန်းကျင်တွင် စစ်အုပ်စုတပ်များ တပ်ဖြန့်လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပြီး ကာမီကာဇေ (Kamikaze) အသေခံ ဒရုန်းများဖြင့်ပါ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ – ၉၀၅) ၏ လက်နက်ကြီး ပစ်ကူများကိုရယူကာ ပြီးခဲ့ သည့် ဧပြီလ ၁၃ ရက်နေ့မှစတင်၍ နတ်ရေကန်စခန်းအနီး ရိုးတစ်လျှောက်တွင် စစ်ကူများ ပို့ဆောင်၍ တပ်ဖြန့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‎”စစ်တပ်က လမ်းဟောင်း၊ လမ်းသစ်နှစ်ခုလုံးမှာ တပ်ဖြန့် ထိုးစစ်ဆင်လာတယ်။ လက်နက်ကြီး ပစ်အားရော ဒရုန်းပါသုံးပြီး စစ်ကူပို့ဖို့ကြိုးစားတာမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကူ ကားတစ်စီးကို ဖျက်ဆီး ထားနိုင်တယ်လို့ သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ယင်းနောက် ဧပြီ ၁၇ ရက်နေ့တွင် ပဇီလမ်းပိုင်း၌ အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဆက်လက်ပြီး ဧပြီလ ၁၉ ရက်နေ့တွင် နတ်ရေကန်ဗျူဟာ လမ်းဟောင်း မြောက်ဘက်ရှိ နောင်နှင့်လိုင်ရွာများသို့ စစ်တပ်က ကာမီကာဇေ အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎လက်ရှိအခြေအနေတွင် တောင်ယာတဲများ၌ စစ်ဘေးရှောင်နေကြရသည့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးအရ ပိုမိုဝေးကွာသည့်နေရာများသို့ ထပ်မံရွှေ့ပြောင်းကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးနှိုးဆော်ထားသည်။

‎စစ်အုပ်စုအနေဖြင့် လက်နက်ကြီး ပစ်ကူများအပြင် ကာမီကာဇေ အသေခံဒရုန်းများကို စစ်မျက်နှာပြင် တွင် ပိုမိုအသုံးပြုလာခြင်းသည် တိုက်ပွဲ၏ပြင်းထန်မှုကို မြှင့်တင်လိုက်ခြင်းဖြစ်ပြီး ဒေသခံ တော်လှန်ရေး အဖွဲ့များအတွက်သာမက ဒေသခံများအတွက်ပါ ကြီးမားသောခြိမ်းခြောက်မှု ဖြစ်ကြောင်း စစ်ရေးသုံးသပ်သူများက ဆိုသည်။

ပုံစာ-စစ်အုပ်စုတပ်ဖွဲ့ဝင်များ

#နတ်ရေကန် #စစ်တပ် #တပ်ဖြန့် #ကာမီကာဇေ #အသေခံဒရုန်း #တိုက်ခိုက် #Ayeyarwaddy_Times